ငြိမ်းချမ်းရေး ရန်ပုံငွေဘီလျံနဲ့ချီ ရှိနေ

  • 25 ဇန်နဝါရီ 2017
Image caption ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အတွက် အလှူခံ

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာ အဆင်ပြေ ချောမွေ့စေရေး ငြိမ်းချမ်းရေး ရန်ပုံငွေသို့ ပြည်သူတွေ ထည့်ဝင်လှူဒါန်းကြဖို့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနကနေ ကြေညာချက် ထုတ်ပြန်ခဲ့အပြီး သီတင်း နှစ်ပတ်အကြာမှာ လက်ခံရရှိတဲ့ အလှူငွေ ကျပ်ပေါင်း ဘီလျံနဲ့ချီ ရှိနေပြီလို့ သိရပါတယ်။

အဲဒီထဲမှာ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေက အများစု ထည့်ဝင်ခဲ့ကြတာပါ။

ငြိမ်းချမ်းရေး ရန်ပုံငွေမှာ မြန်မာနိုင်ငံတွင်းက စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ ပါဝင်လှူဒါန်းဖို့အတွက် ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌ ဦးခင်ရွှေ စီစဉ်ဆောင်ရွက်ပေးပါလို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အကူအညီ တောင်းခဲ့တယ်လို့ ဦးခင်ရွှေက ဘီဘီစီကို ပြောပါတယ်။

ရွှေသံလွင်၊ ကမ္ဘောဇဘဏ် အပါအဝင် စီးပွားရေး လုပ်ငန်းတွေက လုပ်ငန်းရှင်ကြီးတွေ က ကျပ် ဘီလျံနဲ့ ချီ ထည့်ဝင် လှူဒါန်းခဲ့ကြပြီး အခုအခါ လှူဒါန်းငွေ ကျပ် ၁၁ဘီလျံ အထိ ရထားပြီးပြီလို့ ဆိုပါတယ်။

စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ အခုလို ငွေလှူဒါန်း ထည့်ဝင်တာဟာ ဘယ်လို အကျိုးအမြတ်ကိုမှ မျှော်ကိုးလို့ မဟုတ်ကြောင်း၊ တိုင်းပြည် ငြိမ်းချမ်းသာယာဖို့ကိုသာ သူတို့ လိုလားကြောင်းနဲ့ တိုင်းပြည် ငြိမ်းချမ်းမှ စီးပွားရေး တိုးတက် ကောင်းမွန်မှာ ဖြစ်ကြောင်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ