မုံးကိုး ဓမ္မဆရာ ၂ ယောက်ကို မတရားအသင်း ဆက်သွယ်မှုနဲ့ တပ်က အမှုဖွင့်

  • 25 ဇန်နဝါရီ 2017
Image caption တပ်မ ၉၉ က ဗိုလ်မှူး တစ်ဦး က တရားလို အဖြစ် တိုင်တန်း အမှုဖွင့် ထား

ဒီဇင်ဘာ၂၄ ရက်နေ့က မုံးကိုးမြို့မှာ စစ်တပ်ရှိတဲ့နေရာကိုသွားခဲ့တဲ့ ခရစ်ယာန် သင်းအုပ်ဆရာ ၂ ယောက်ဟာ ပျောက်ဆုံးနေရာက ခုတော့ မူဆယ်ရဲစခန်းမှာ စစ်တပ်က တရားလိုလုပ်ပြီး အမှုဖွင့်ခံထားရပါတယ်။

၁လကြာ ပျောက်ဆုံး နေတဲ့ မုံးကိုးက သင်းအုပ် ဆရာတွေဖြစ်တဲ့ ဦးဒွမ်ဒေါ့ နောင်လတ်နဲ့ ဦးလန်ဂျော်ဂမ်ဆိုင်း တို့ကို ဇန်နဝါရီ ၂၄ ရက်နေ့က တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းကနေ မူဆယ်ရဲစခန်းကို လွဲပြောင်းပေးပြီး မတရား အသင်း ဆက်သွယ်မှု ပုဒ်မနဲ့ ဖမ်းဆီးထားပါတယ်။

KIA နဲ့ ဆက်သွယ်တဲ့ အတွက် မတရားအသင်း နဲ့ ဆက်သွယ်မှု ဥပဒေ ၁၇(၁) နဲ့ တပ်မ ၉၉ က ဗိုလ်မှူး တစ်ဦး က တရားလို အဖြစ် တိုင်တန်း အမှုဖွင့် ထားတဲ့ အတွက် ရမန်ယူ ထားကြောင်း မူဆယ် ရဲစခန်း တာဝန်ကျ ရဲအရာရှိ တစ်ဦး က ပြောပါတယ်။

ခရစ်ယာန် သင်းအုပ် တရားဟော ဆရာ ဆိုတာက ဘယ်သူ ကိုပဲ ဖြစ်ဖြစ် ဆုတောင်း ပေးရတာ ဖြစ်လို့ မတရားအသင်း နဲ့ ဆက်သွယ်မှု နဲ့ ဖမ်းဆီး တာမျိုးက မဖြစ်သင့် ဘူးလို့ ကချင် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့က ဦးအင်ရှင်ဆန်အောင် က ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ခရစ်ယာန် သင်းထောက် ဆရာ၂ယောက်ရဲ့ မိသားစု နဲ့တော့ ဆက်သွယ်လို့ မရသေးပါဘူး။

မူဆယ်ရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ ခရစ်ယာန် သင်းအုပ် ၂ယောက်ဟာ မုံးကိုးမြို့မှာ စစ်တပ်ကဖမ်းထားတယ်ဆိုတဲ့ လူတယောက်ကို ကယ်ထုတ်ဖို့ စစ်တပ်ရှိတဲ့နေရာကိုသွားရင်း စစ်တပ်က ဖမ်းဆီးတာကိုခံခဲ့ရတာပါ။

သူတို့ပျောက်ဆုံးနေတာကို ထုတ်ပြန်ပေးဖို့ ဘာသာရေးအဖွဲ့တွေနဲ့ လူ့အခွင့် အရေး အဖွဲ့တွေက တောင်းဆိုရာက တစ်လတိတိပြည့်တဲ့နေမှာ စစ်တပ်က ရဲလက်ကို လွဲအပ်ပေးခဲ့တာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ