စက်မှု လယ်ယာ ဖော်ထုတ်ရေး ဆန်စပါးအသင်း စီစဉ်

  • 25 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် MRF
Image caption လယ်မြေ တစ်ဧက ကို ကျပ်သုံးသိန်း ကနေ ငါးသိန်း အထိ ချေးယူ နိုင်မှာ ဖြစ်

လက်မှု ကနေ စက်မှု လယ်ယာ စနစ် ကူးပြောင်းဖို့ မြေယာ ပြုပြင်ရာမှာ လယ်သမား အစုအဖွဲ့တွေ အနေနဲ့ ပုဂ္ဂလိက ဘဏ်တွေ ဖြစ်တဲ့ မြန်မာ့ ရှေ့ဆောင်ဘဏ် ၊ တောင်သူလယ်သမားဘဏ် နဲ့ ဧရာဝတီ ဘဏ်တို့ကနေ ချေးငွေ ရနိုင်အောင် မြန်မာ နိုင်ငံ ဆန်စပါး အသင်းက ကြားဝင် ဆောင်ရွက် ပေးနေပါပြီ။

ခြောက်ရစ်ဆပ် ၊ သုံးနှစ် ရယူနိုင်တဲ့ နှစ်လတ် ချေးငွေတွေကို ဆန်စပါး စိုက်ပျိုးရာ တိုင်းနဲ့ ပြည်နယ်တွေက လယ်သမားတွေ အတွက် စတင် ဆောင်ရွက်ပေးနေပြီ ဖြစ်ပါတယ်။

ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ နေပြည်တော်၊ ရခိုင်ပြည်နယ် ဒေသ တွေက လယ်သမား တွေရဲ့ စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်ရေး အတွက် မြေယာ ပြုပြင်တာ၊ ကုန်ထုတ် လမ်းတွေ ဖောက်တာ၊ ရေသွင်းရေထုတ် မြောင်းတွေ ဖော်ထုတ် ပေးတာ စတာ တွေကို ဆောင်ရွက်ကြရမယ်လို့ ဆန်စကားအသင်းချုပ် ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

လောလောဆယ်မှာ ပုံစံ (၇) ရှိရင် အငှားလိုက် ဝန်ဆောင်မှု ပေးနေတဲ့ ကုမ္ပဏီ တွေနဲ့ ဆက်သွယ်ပြီး ချေးငွေ ယူတဲ့ ကိစ္စတွေ ကို ဆောင်ရွက် နေတယ်လို့ မြန်မာ နိုင်ငံ ဆန်စပါး အသင်းချုပ် ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်း က ပြောပါတယ်။

လယ်မြေ တစ်ဧက ကို ကျပ်သုံးသိန်း ကနေ ငါးသိန်း အထိ ချေးယူ နိုင်မှာ ဖြစ်ပြီး တစ်နှစ် ကို အတိုးနှုန်း ၁၂ ရာခိုင်နှုန်း ရှိမှာ ဖြစ်ပါတယ်။

လယ်ယာ လုပ်ကိုင် သူတွေ စုပေါင်းပြီး စက်မှု လယ်ယာ အဖြစ် အဆင့်မြှင့်တင် နိုင်ဖို့ လုပ်ဆောင် တဲ့ အနေနဲ့ လယ်သမား တစ်ဦးချင်း ကို ငွေချေးမှာ မဟုတ်ဘဲ အစုအဖွဲ့ လုပ်ကိုင်သူတွေကိုသာ ချေးငှားမှာ ဖြစ်ပါတယ်။

ပြည်တွင်းမှာ ဘဏ်အပ်ငွေ အတိုးနှုန်း က ၈.၅ ရာခိုင်နှုန်း ရှိတဲ့ အတွက် ဘဏ်တွေက ၁၂ ရာခိုင်နှုန်း နဲ့ ပြန်လည် ထုတ်ချေးတာ ဖြစ်ပါတယ်။ စက်မှု လယ်ယာ လုပ်ကိုင် လိုသူတွေ အတိုးနှုန်း သက်သက်သာသာ နဲ့ ငွေချေး နိုင်ဖို့ က နိုင်ငံ တကာ အဖွဲ့အစည်းတွေက လယ်ယာ ကဏ္ဍမှာ ပိုမိုရင်းနှီးမြှုပ်နှံလာရင်တော့ အတိုးနှုန်း ကျဆင်း နိုင်တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ