မြန်မာ တရုတ် နယ်စပ်ဒေသကိစ္စ နှစ်နိုင်ငံ ဆွေးနွေး

  • 26 ဇန်နဝါရီ 2017
Image caption တရုတ်မြန်မာ နယ်နမိတ်မျဉ်းကိစ္စတချို့ နှဟ်နိုင်ငံအကြား သဘောတူမှု ရခဲ့

မြန်မာနဲ့ တရုတ် နယ်စပ်ဒေသ စီမံခန့်ခွဲရေး သဘောတူချက် စာချုပ် အကောင်အထည်ဖေါ်ရေးနဲ့ ပတ်သက်လို့ မြန်မာ-တရုတ် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနက တာဝန်ရှိပုဂ္ဂိုလ်တွေ ဦးဆောင်ပြီး ညွှန်ကြားရေးမှူးချုပ် အဆင့်တွေ ဇန္နဝါရီလ ၂၅ရက်နေ့က နေပြည်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲမှာ နယ်နမိတ်ကိစ္စ၊ နှစ်နိုင်ငံကြား မျဉ်းကြောင်း သွယ်တန်းမှုကိစ္စ၊ ကမ်းပါး၊ ချောင်းမြောင်းကိစ္စတွေအကြောင်း အဓိကထား ဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးကျော်ဇေယျက ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံထဲ ဝင်နေတဲ့ ခြံစည်းရိုးတွေကို တရုတ်ဘက်က ဖယ်ရှားပေးမယ်ဆိုတဲ့ သဘောတူညီချက်မျိုးတွေ ရခဲ့တဲ့အတွက် ဒီဆွေးနွေးပွဲဟာ ရလဒ်ကောင်းတဲ့ ဆွေးနွေးပွဲလို့ ပြောနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာ တရုတ် နယ်စပ်ဒေသ ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စတွေနဲ့ ပတ်သက်လို့တော့ ဒီဆွေးနွေးပွဲမှာ ထည့်သွင်း ဆွေးနွေးတာမျိုး မရှိပဲ နှစ်နိုင်ငံ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနတွေ ပါဝင်တဲ့ Two Plus Two ဆိုတဲ့ ယန္တရားသစ်အောက်မှာ လာမယ့် ဖေဖေါ်ဝါရီလဆန်းမှာ ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

Two Plus Two အဆင့်မြင့် ပထမဆုံးအကြိမ် ဆွေးနွေးပွဲကို ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက နေပြည်တော်မှာ ကျင်းပခဲ့ပြီး ကီလိုမီတာ ၂၀၀၀ကျော် ရှည်လျားတဲ့ မြန်မာ တရုတ် နယ်စပ်ဒေသတလျှောက် တည်ငြိမ်အေးချမ်းမှုရရေးကို ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ကြပါတယ်။

တရုတ်မြန်မာ နယ်စပ်ဒေသမှာ ဖြစ်တဲ့ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံဘက်ကို ထိမှန် တာမျိုးတွေ ရှိတယ် ဆိုပြီး တရုတ်ဘက်က မကျေနပ်တိုင်တန်းတာတွေ ရှိလာရင် သက်ဆိုင်ရာ ဝန်ကြီးဌာနက စိစစ်ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြန်ကြားပေးတာမျိုးလို နှစ်နိုင်ငံအကြား အပြန်အလှန် ထိတွေ့မှုတွေ အမြဲရှိနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးကျော်ဇေယျက ပြောပါတယ်။