မြန်မာ နိုင်ငံရဲ့ ဒီမိုကရေစီကို နိုင်ငံတကာ အဆင့် ၁၁၃ သတ်မှတ် ခံရ

  • 27 ဇန်နဝါရီ 2017
Image caption မြန်မာကို အဆင့် တစ်ဆင့် တိုးမြှင့် သတ်မှတ် လာ

လောလောလတ်လတ် ထွက်ပေါ် လာတဲ့ ၂ဝ၁၆ အတွက် ဒီမိုကရေစီ အညွှန်းကိန်း အစီရင်ခံစာထဲ မြန်မာ နိုင်ငံရဲ့ ဒီမိုကရေစီ အဆင့်အတန်းဟာ စစ်တစ်ပိုင်းအစိုးရ/ ကပြားအုပ်ချုပ်ရေး အဖြစ် သတ်မှတ် ထားပါတယ်။

အဲဒီ အစီရင်ခံစာကို ဗြိတိန်အခြေစိုက် Economist Intelligence Unit EIU အဖွဲ့က ကမ္ဘာ့နိုင်ငံပေါင်း ၁၆၇ နိုင်ငံကို သုတေသန ပြုပြီး နှစ်စဉ် ထုတ်ပြန် ပေးတာ ဖြစ်ပါတယ်။

အစီရင်ခံစာထဲ မြန်မာနိုင်ငံကို နိုင်ငံတကာ အဆင့် ၁၁၃ သတ်မှတ် ထားပြီး၊ အစိုးရ အုပ်ချုပ်ရေး ပုံစံဟာ စစ်တပိုင်း အစိုးရ (Hybrid Regime) အဖြစ် သတ်မှတ် ထားပါတယ်။

အရှေ့တောင်အာရှ နိုင်ငံတွေထဲ EIU သတ်မှတ်ချက် အရ ဒီမိုကရေစီ အဆင့် အကောင်းဆုံးက တီမော-လက်စ်တာ ဖြစ်ပြီး အင်ဒိုနီးရှား (အဆင့် ၄၈) ၊ ဖိလစ်ပိုင် (အဆင့် ၅၀) ၊ မလေးရှား (အဆင့် ၆၅) ၊ စင်ကာပူ (အဆင့် ၇၀) ၊ ကမ္ဘောဒီးယား (အဆင့် ၁၁၂) ၊ ဗီယက်နမ် (အဆင့် ၁၃၁) ၊ လာအို (အဆင့် ၁၅၁) အသီးသီး ဖြစ်ပါတယ်။

၂ဝ၁၅ အစီရင်ခံစာ နဲ့ စာရင် မြန်မာကို အဆင့် တစ်ဆင့် တိုးမြှင့် သတ်မှတ် လာတာ ဖြစ်ပြီး၊ အာရှနဲ့ ဩစတြေးလျ ဒေသကြီး အတွင်းမှာ အဆင့် ၂၃ ပေးထားပါတယ်။

ဒါဟာ အာရှနဲ့ ဩစတြေးလျ ဒေသကြီး အတွင်း မြန်မာနိုင်ငံရဲ့ အောက် ဗီယက်နမ်၊ တရုတ်၊ အာဖဂန်နစ္စတန်၊ လာအိုနဲ့ မြောက်ကိုရီးယား တို့ပဲ ကျန် တော့တာ ဖြစ်ပါတယ်။

ဒီလို အဆင့်တွေ သတ်မှတ်ဖို့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်၊ ဗဟုဝါဒ ထွန်းကားမှု၊ အစိုးရ ယန္တရား လုပ်ငန်း လည်ပတ်မှု၊ နိုင်ငံရေး အလေ့အထ၊ ပြည်သူ့ရေးရာ လွတ်လပ်ခွင့် ဆိုတဲ့ ကဏ္ဍ ၅ ခုမှာ အမှတ်ပေးပြီး သတ်မှတ်တာ ဖြစ်ပါတယ်။

အပြည့်အဝ ဒီမိုကရေစီ စနစ် (Full Democracy) အဖြစ် အမြဲ သတ်မှတ်ခံရလေ့ရှိတဲ့ အမေရိကန် နိုင်ငံကတော့ ၂၀၁၆ နိုဝင်ဘာမှာ အခု သမ္မတတာဝန် စတင် ထမ်းဆောင် နေပြီ ဖြစ်တဲ့ ဒေါ်နယ်ထရမ့်ရဲ့ ရွေးကောက်ပွဲ အောင်နိုင်မှုနဲ့ အတူ အဆင့် တဆင့် လျှော့ကျသွားခဲ့ပြီ အဆင့် ၂၁ နေရာကို ရောက်သွားသလို၊ ပထမဆုံး အကြိမ် အဖြစ်လည်း အပြစ် အနာအဆာရှိ နေတဲ့ ဒီမိုကရေစီ စနစ် (Flawed Democracy) အဖြစ် သတ်မှတ် ခံထားရပါတယ်။

ဒီမိုကရေစီ စံချိန် စံညွှန်း အပြည့်အဝ အရှိဆုံး ၅ နိုင်ငံစာရင်းကတော့ အပြောင်းအလဲ မရှိဘဲ နော်ဝေ၊ အိုက်စလန်၊ ဆွီဒင်၊ နယူးဇီလန်၊ ဒိန်းမတ် နိုင်ငံတွေက အစဉ်လိုက် ထိပ်ဆုံး မှာ ရပ်တည်နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ