လွှတ်တော်ပြင်ပလှုပ်ရှားတဲ့ နိုင်ငံရေးအဖွဲ့အဖြစ် SDUF က လှုပ်ရှားမယ်

  • 27 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် SDUF Facebook
Image caption နောက်ပိုင်းမှာ လယ်သမား၊ အလုပ်သမား၊ ကျောင်းသားနဲ့ အမျိုးသမီးအရေး လှုပ်ရှားသူ အစရှိတဲ့ အလွှာအသီးသီးက ခေါင်းဆောင်တွေ ထည့်သွင်းပြီး တိုးချဲ့သွားမယ်

ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေး တပ်ဦး SDUF အဖြစ် ဖွဲ့စည်းလိုက်တဲ့ အဖွဲ့ဟာ လောလောဆယ်မှာ လွှတ်တော်ပြင်ပ လှုပ်ရှားမှု အခြေခံတဲ့ နိုင်ငံရေး အဖွဲ့ဖြစ်တယ်လို့ ဒီအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုကျော်ကိုကိုက ဘီဘီစီကို ပြောပါတယ်။

လက်ရှိ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအောက်မှာ နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်မယ်ဆိုရင် အာဏာရရင်တောင်မှ လွှတ်တော်တွင်း နိုင်ငံရေး လှုပ်ရှားမှု မထိရောက် နိုင်တဲ့ ကန့်သတ်ချက်တွေ ရှိနေတဲ့အတွက် ပါတီအဖြစ် မှတ်ပုံမတင်တာလို့ သူက ပြောပါတယ်။

လက်ရှိနိုင်ငံရေး အခင်းအကျင်းမှာ နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ထားတဲ့ အဖွဲ့တွေရဲ့ လုပ်ငန်းစဉ်တွေကိုလည်း ပြည်သူ့အကျိုးစီးပွား မထိခိုက်သရွှေ့ အတိုက်အခံ လုပ်မှာ မဟုတ်ဘူးလို့ ကိုကျော်ကိုကိုက ပြောပါတယ်။

လောလောဆယ်မှာ ဗကသ အဖွဲ့ဝင် အများစုပါဝင်တဲ့ စည်းရုံးရေး ကော်မတီ ငါးဦးက ဒီအဖွဲ့ကို ဦးဆောင်မှာ ဖြစ်ပြီး နောက်ပိုင်းမှာ လယ်သမား၊ အလုပ်သမား၊ ကျောင်းသားနဲ့ အမျိုးသမီးအရေး လှုပ်ရှားသူ အစရှိတဲ့ အလွှာအသီးသီးက ခေါင်းဆောင်တွေ ထည့်သွင်းပြီး တိုးချဲ့သွားမှာ ဖြစ်ပါတယ်။

အဖွဲ့ရဲ့ လက်တွေ့ လှုပ်ရှားမယ့် ပုံစံအနေနဲ့ လူထုရဲ့ အခြေခံ စီးပွားရေး အဆင်မပြေမှုတွေကို စနစ်တကျ လေ့လာသုံးသပ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေက တဆင့် ဒါမှမဟုတ် လွှတ်တော်ပြင်ပ လူထုကိုယ်စားပြု တောင်းဆိုမှုပုံစံတွေနဲ့ လှုပ်ရှားသွားမယ်လို့ ကိုကျော်ကိုကိုက ပြောပါတယ်။

ဒီအဖွဲ့အနေနဲ့ အစိုးရက လူထုအကျိုးစီးပွားကို တိုက်ရိုက်တာဝန်ခံပြီး ထဲထဲဝင်ဝင် ဆောက်ရွက်သင့်တယ်လို့ ယုံကြည်ပြီး တစုတဖွဲ့တည်းနဲ့ လုပ်လို့ မရဘူးလို့ ယူဆတဲ့အတွက် ညီညွတ်ရေး တပ်ပေါင်းစုပုံစံဖွဲ့ပြီး ပြည်သူလူထု အကျိုးစီးပွားအတွက် လှုပ်ရှားဖို့ ကြိုးစားသွားမယ်လို့ သိရပါတယ်။

SDUF ကို ဦးဆောင်တဲ့ စည်းရုံးရေးကော်မတီဝင်က ဇန်နဝါရီလ ၂၇ ရက်နေ့မှာ အဖွဲ့ရဲ့ နိုင်ငံရေး ကြေငြာစာတမ်း၊ မူဝါဒနဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပါတယ်။

SDUF ရဲ့ စည်းရုံးရေး ကော်မတီဝင်တွေက တော့ ကိုကျော်ကိုကို၊ ကိုမိုးထက်နေ၊ ကိုသီဟဝင်းတင်၊ ကိုကျော်ကျော်နဲ့ ကိုမျိုးကိုကိုတို့ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ