အမျိုးသမီး အကြမ်းဖက်ခံရမှုဆိုင်ရာ ဥပဒေ ပြဌာန်းမယ်

  • 28 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် AP
Image caption လတ်တလောကာလမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အကြမ်းဖက်ခံရမှု မြင့်မားလာတဲ့အတွက် ဒီဥပဒေပြဌာန်းနိုင်ဖို့အတွက် ရှေ့နေချုပ်ရုံးကို အကြံပြုချက်ပေးဖို့ တင်ပြခဲ့

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဦးစီးဌာန၊ အမျိုးသားလွှတ်တော်နဲ့ အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီတို့ ပူးပေါင်းပြီး အမျိုးသမီး အကြမ်းဖက်ခံရမှု ကာကွယ်ရေးဆိုင်ရာ ဥပဒေကို လာမယ့် လွှတ်တော် အစည်းအဝေးမှာ ပြဌာန်းနိုင်ဖို့ ပြင်ဆင်နေပါတယ်။

လတ်တလောကာလမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အကြမ်းဖက်ခံရမှု မြင့်မားလာတဲ့အတွက် ဒီဥပဒေပြဌာန်းနိုင်ဖို့အတွက် ရှေ့နေချုပ်ရုံးကို အကြံပြုချက်ပေးဖို့ တင်ပြခဲ့တယ်လို့ ကလေးသူငယ် အခွင့်အရေး ကာကွယ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဌ ဒေါက်တာ မြသောင်းက ဘီဘီစီကို ပြောပါတယ်။

ပြဌာန်းမယ့် ဥပဒေမှာ ပါတဲ့အချက်တွေဟာ မျိုးစောင့် ဥပဒေတွေမှာ ပါတဲ့ အချက်တွေနဲ့ ညှိစွန်းနေတဲ့အတွက် မျိုးစောင့်ဥပဒေပါ အချက်တချို့ကို ပြင်ဆင်ဖို့လိုတယ်လို့ ရှေ့နေချုပ်ရုံးက အကြံပြုခဲ့ကြောင်း ဒေါက်တာ မြသောင်းက ပြောပါတယ်။

အခုလို ညှိစွန်းတဲ့အထဲက တချက်ကတော့ လက်ထပ်နိုင်တဲ့ အသက်အရွယ်ကို ဗုဒ္ဓဘာသာ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေမှာ ၁၆ နှစ်လို့ ရေးသားထားတာကို နိုင်ငံတကာ ပြဌာန်းချက်အတိုင်း ၁၈ နှစ်လို့ ပြင်ဖို့ လိုတယ်လို့လည်း ရှေ့နေချုပ်ရုံးက ပြောဆိုခဲ့ပြီး မျိုးစောင့် ဥပဒေမှာ အမျိုးသမီး အခွင့်အရေး နစ်နာ ဆုံးရှုံးစေမယ့် အချက်တွေ ပါဝင်နေတယ်လို့ သူက ပြောပါတယ်။

အခုလို မျိုးစောင့်ဥပဒေပြင်မယ်လို့ သတင်းထွက်လာတဲ့အတွက် အဖွဲ့အစည်းအချို့က ဒါကို ဆန္ဒပြမယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

မျိုးစောင့် ဥပဒေလို့ လူသိများတဲ့ ဥပဒေတွေဟာ တလင်တမယား ကျင့်သုံခြင်းဆိုင်ရာ ဥပဒေ၊ ဗုဒ္ဓဘာသာ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေ၊ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေနဲ့ လူဦးရေ တိုးပွားမှု ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေတွေကို ကန့်ကွက်မှုတွေ ရှိတဲ့ကြားက ယခင် အစိုးရလက်ထက်ကတည်းက ပြဌာန်းခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ