ဦးကိုနီ အသတ်ခံရတာဟာ နိုင်ငံရေး လုပ်ကြံမှုလို့ ဦးဝင်းထိန်ပြော

  • 29 ဇန်နဝါရီ 2017
Image caption ဦးကိုနီနဲ့ ကိုနေဝင်းရဲ့ အလောင်းတွေထားရာ ဆေးရုံရှေ့မှာ လူတွေစုရုံးနေ

မင်္ဂလာဒုံ လေဆိပ် ထွက်ပေါက် မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပြီး နေရာတင် ပွဲချင်းပြီး သေဆုံး သွားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ဥပဒေ အကြံပေး ရှေ့နေ ဦးကိုနီရဲ့ ရုပ်အလောင်းကို မြောက်ဥက္ကလာ ဆေးရုံကနေ သယ်ယူပြီး ညနေ ၄နာရီမှာ ရေဝေး သုသာန်မှာ မြေချမှာ ဖြစ်ပါတယ်။

ဦးကိုနီကို ပစ်ခတ်ပြီး ထွက်ပြေးတဲ့ သေနတ်သမားကို ဟန့်တားဖို့ ကြိုးစား ခဲ့သူ တက္ကစီကားမောင်းသမား ကိုနေဝင်းဟာလည်း သေနတ်သမားရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပါတယ်။

ဦးကိုနီကို သေနတ်နဲ့ အနီးကပ် တေ့ပစ်ခဲ့တာ ဖြစ်ကြောင်းနဲ့ သေနတ်သမားကို လက်ရ ဖမ်းဆီးနိုင်ခဲ့ပြီး စစ်ဆေး မေးမြန်း နေကြောင်း သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ဘီဘီစီကို အတည်ပြု ပြောပါတယ်။

အခင်းဖြစ်ခဲ့တဲ့ ညကတော့ သေနတ်သမားရဲ့ မန္တလေးမြို့က နေအိမ်ကို ရဲတွေ ဝင်ရောက် စစ်ဆေး ရှာဖွေခဲ့ပါတယ်။

ဦးကိုနီနဲ့ ကိုနေဝင်းရဲ့ ရုပ်အလောင်းတွေ ထားထားရာ မြောက်ဥက္ကလာ ဆေးရုံမှာ ရဲလုံခြုံရေးတွေ အပြည့်ချထားပြီး ဆေးရုံ အဆောက်အအုံ ဝင်ပေါက် ထွက်ပေါက်တွေမှာ အတားအဆီးတွေနဲ့ ပိတ်ဆို့ထားပါတယ်။

ပြန်ကြားရေး ဝန်ကြီး ဒေါက်တာ ဖေမြင့် ဦးဆောင် ပြီး အင်ဒိုနီးရှား နိုင်ငံကို သွားရောက် ခဲ့တဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့မှာ ဦးကိုနီ လိုက်ပါသွားခဲ့အပြီး ပြန်အလာ ရန်ကုန် မင်္ဂလာဒုံ လေဆိပ် ထွက်ပေါက်မှာ အခုလို သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာပါ။

သူနဲ့ အတူ အင်ဒိုနီးရှား ခရီးစဉ်မှာ လိုက်ပါခဲ့သူ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေးက ဦးကိုနီ သေဆုံးမှုနဲ့ ပတ်သက်လို့ ဘယ်လိုအကြမ်းဖက်မှုမျိုးကိုမှ လက်မခံနိုင်ဘူးလို့ ဆေးရုံက အထွက်မှာ သတင်းထောက်တွေကို စိတ်လှုပ်ရှား ဝမ်းနည်းစွာ ပြောသွားပါတယ်။

NLD ပါတီ ဗဟို အလုပ်အမှုဆောင် ဦးဝင်းထိန်ကလည်း ဒါဟာ နိုင်ငံရေး လုပ်ကြံမှု ဖြစ်နိုင်ကြောင်းနဲ့ အခုအခါ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ အဖွဲ့ ခေါင်းဆောင်တွေရဲ့ လုံခြုံရေးကို တိုးမြှင့် ဆောင်ရွက်ဖို့ အစိုးရအဖွဲ့ကို တိုက်တွန်းထားကြောင်း ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ