ဘာသာရေး ကွဲလို့ အသတ်ခံရတယ်လို့ မယူဆကြောင်း မန္တလေး မွတ်ဆလင် ခေါင်းဆောင် ပြော

  • 30 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ဦးကိုနီ ဆုံးပါးလို့ ဘုန်းဘုန်းလည်း စိတ်ထိခိုက်

ရှေ့နေကြီး ဦးကိုနီဟာ မြန်မာနိုင်ငံ ဝတ်ပေး ခံထားရတဲ့ ညစ်ထေးနေတဲ့ ဖွဲ့စည်းပုံ အင်္ကျီကြီးကို ချွတ်ပေးဖို့ ကြိုးစား နေရာက လုပ်ကြံ သတ်ဖြတ် ခံလိုက်ရတဲ့ အတွက် အင်မတန် ဝမ်းနည်း ရတယ် ဆိုပြီး မန္တလေး မွတ်ဆလင် အသိုင်းအဝိုင်းရဲ့ ဦးစီးဦးဆောင် တစ်ယောက် ဖြစ်တဲ့ ခလီဖွာဟ် ဦးသိန်းဝင်းအောင်က ဘီဘီစီကို ပြောပါတယ်။

အစ္စလာမ်ဘာသာဝင် ဖြစ်လို့ ဦးကိုနီကို လုပ်ကြံတာ မဟုတ်ပဲ NLD ပါတီ အပါအ၀င် ဒီမိုကရေ အင်အားစုကို တိုက်ခိုက် တာ ဖြစ်တယ်လို့ ဦးသိန်းဝင်းအောင်က သူ့ရဲ့ အယူအဆ ကို ပြောပါတယ်။

မင်္ဂလာဒုံ နိုင်ငံတကာ လေဆိပ် ထွက်ပေါက်မှာ ဦးခေါင်းကို အနီးကပ် သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ် ခံခဲ့ရတဲ့ ရှေ့နေကြီး ဦးကိုနီရဲ့ စျာပနကို ရန်ကုန်မြို့၊ ရေဝေး စွန်နီ မွတ်ဆလင် သင်္ချိုင်းမှာ ကျင်းပ နေတာမှာ လူမျိုး ပေါင်းစုံ၊ ဘာသာ ပေါင်းစုံ တခဲနက် တက်ရောက် နေကြပါတယ်။

ဦးကိုနီရဲ့ ရုပ်အလောင်းကို အစောပိုင်းတုန်းကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အလံ လွှမ်းထားပြီး၊ လွမ်းသူ ပန်းခြင်းတွေ ပြည့်လျှံ နေသလို၊ "လူသေပေမယ့် နာမည်မသေ" ဆိုတဲ့ စာသား အပါအဝင် လူအများ ရေးသား ထားတဲ့ ဝမ်းနည်းမှတ်တမ်း တွေကိုလည်း တွေ့မြင် ခဲ့ရပါတယ်။

နိုင်ငံရေး အသိုင်းအဝိုင်းကသူတွေ အပါအဝင် အသွေးအရောင် စုံလှတဲ့ မတူညီတဲ့ နောက်ခံ အသီးသီးကနေ လာရောက် ကြသူတွေ ရောနှော နေကြရင်းသား ဦးကိုနီ စျာပန ကျင်းပရာ နေရာမှာ မျက်စိတဆုံး လူပင်လယ်ကြီး ဖြစ်နေပေမယ့် စည်းစနစ် တကျပဲ စီတန်း လမ်းလျှောက် နေကြပြီး ရဲ အစောင့်အရှောက် တွေကိုလည်း ပတ်ဝန်းကျင်မှာ တွေ့နေရပါတယ်။

NLD ပါတီရဲ့ ဗဟို ဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ဦးကိုနီ လုပ်ကြံ သတ်ဖြတ် ခံခဲ့ ရတဲ့ အတွက် ပါတီ ကနေ ဝမ်းနည်းကြောင်း သဝဏ်လွှာတွေ ထုတ်ပြန်လာတာ တွေ့နေ ရပေမယ့်၊ ပစ်ခတ် ခဲ့မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားသူ အကြောင်းကိုတော့ အာဏာပိုင် တွေ ဘက်က တစုံတရာ ထုတ်ပြန် တာမျိုး မရှိ သေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ