မောင်တောမှာ ဖမ်းဆီး ခေါ်ဆောင်မှု နဲ့ သတ်ဖြတ်မှုတွေ ဖြစ်ပေါ်

  • 30 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption သတင်းသမားတွေ နဲ့ စကားပြောခဲ့သူ ရွာသားလည်း ဒီဇင်ဘာ ၂၃ ရက်နေ့ က သတ်ဖြတ်ခံခဲ့ရ

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့နယ် အတွင်း တိုက်ပွဲ ဖြစ်ပွားတာတွေ မရှိတော့တဲ့ အတွက် တည်ငြိမ်မှုတွေ ရှိနေတယ်လို့ ထင်ရပေမယ့် ဖမ်းဆီးခေါ်ဆောင်မှုတွေ သတ်ဖြတ်မှုတွေ အများအပြား ပေါ်ပေါက်နေပြီး အနည်းဆုံး အစိုးရနဲ့ ပူပေါင်းဆောင်ရွက်နေသူ မွတ်ဆလင် ၁၀ ခန့် အသတ်ခံခဲ့ရပြီး ဖြစ်တယ်လို့ သိရပါတယ်။

မောင်တောမြို့နယ် အတွင်း အခုအခါ ကျေးရွာသားတွေကို အမည်မသိသူတွေက ဖမ်းဆီး ခေါ်ဆောင်မှုတွေရှိနေသလို လုပ်ကြံသတ်ဖြတ်တဲ့ ဖြစ်စဉ်တွေ အများအပြား ပေါ်ပေါက်နေပါတယ်။

ဒီလ ၂၈ ရက်နေ့ကလည်း မောင်တောမြို့နယ် ကြက်ရိုးပြင်ကျေးရွာ ခေတ္တ အုပ်ချုပ်ရေးမှူး ဇော်ကီမူဟာမတ် ရွှံ့နွံအိုင်ထဲ၌ မှောက်လျက် သေဆုံးနေတာကိုတွေ့ရှိခဲ့ရပါတယ်။

ဇန်နဝါရီ ၂၁ ရက် နေ့မှာတော့ ပဒကား ကျေးရွာသစ် အနောက်ဘက် မီတာ ၅၀၀ ခန့်အကွာမှာ မာမတ်ရှော်ဖီး ၊ စွန်တာအာမတ်၊ မာမတ်စူပိုင် တို့အား သုံးလောင်းပြိုင် ထပ်ပြီး မြှုပ်နှံထားတာကို တွေ့ခဲ့ရပါတယ်။

အခုလောလောဆယ်မှာလဲ ရွာညိုးတောင် မွတ်ဆလင်ကျေးရွာက ရွာသားတစ်ဦးနဲ့ ဆင်သေပြင် အရှေ့ရွာက အီဗရာဟင် ၅၅ နှစ်တို့ ပျောက်ဆုံးနေတဲ့ အတွက် မိသားစုတွေက နယ်ခြားစောင့်ရဲစခန်းမှာ အမှုလာဖွင့်ထားတယ်လို့ သိရပါတယ်။

အစိုးရနဲ့ ဆက်စပ်မှု ရှိတဲ့ သူတွေကို အကြမ်းဖက်သမားတွေက သတ်ဖြတ်နေတာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် ရဲမှူးကြီး က ပြောပါတယ်။ ဒီလိုသတ်ဖြတ်ခံနေရတဲ့ မောင်တောမြို့နယ်က လုံခြုံရေး မရှိတဲ့ မွတ်ဆလင် ကျေးရွာ တွေမှာ စိုးရိမ်မှုတွေ ဖြစ်ပေါ် နေပါတယ်။

ရခိုင်ပြည်နယ် ရဲမှူးကြီးကတော့ အန္တရာယ်နဲ့ ရင်ဆိုင် နေကြနေရတဲ့ မွတ်ဆလင် မိသားစုတွေ အနေနဲ့ ရဲတပ်ဖွဲ့ဆီမှာ လာရောက် တိုင်ကြားပြီး ပူးပေါင်း ဆောင်ရွက်ဖို့ တိုက်တွန်းသွား ခဲ့ပါတယ်။

လက်တွေ့မှာတော့ အခုလို ဆောင်ရွက်ရင် ပိုပြီး အန္တရာယ်ကြီးတဲ့အတွက် လူတွေ ကတော့ ရဲကို သွားရောက် မတိုင်ကြားရဲကြဘူးလို့ ပြောဆိုနေကြ ပါတယ်။

ခုလို လူတွေ စိုးရိမ်မှု တိုးပွားနေချိန်မှာ ၂၀၁၂ ခုနှစ် တုန်းက ရဲတပ်ကြပ် အောင်ကျော်သိန်း အသတ်ခံခဲ့ရတဲ့ မောင်တောမြို့နယ် ဒုချီးရားတန်းမြောက်ရွာမှာ ဒီလ ၂၉ ရက်နေ့က ည (၁၁)နာရီခန့်က အိမ် တစ်လုံး မီးလောင်ခဲ့တဲ့ အတွက် လူတွေ အကြားမှာတော့ စိုးရိမ်မှုတွေ ပိုမို ဖြစ်ပေါ် နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ