ဦးကိုနီ သတ်မှု နောက်ကွယ်ကလူ

  • 31 ဇန်နဝါရီ 2017
ဓာတ်ပုံ မူပိုင် AFP/ Getty Images
Image caption ဦးကိုနီကို သတ်တာ နိုင်ငံရေး လုပ်ကြံမှုလို့ ယူဆသူတွေရှိ

ရှေ့နေ ဦးကိုနီကို သတ်ဖြတ် ခဲ့တဲ့ ဦးကြည်လင်းကို စစ်ဆေး မေးမြန်းမှုတွေ အရ ထိုင်းမြန်မာ နယ်စပ်မှာ နေထိုင်သူ ဦးမြင့်ဆွေ ဆိုသူက သူ့ကို စေခိုင်းခဲ့တယ်လို့ ထွက်ဆိုကြောင်း ပေါက်ကြားလာတဲ့ ရဲစစ်ဆေးမှု စစ်ချက် တစ်ခု အရ သိရ ပါတယ်။

အဲဒီ ဦးမြင့်ဆွေ ဆိုသူဟာ မြန်မာမှု အနုပညာရှင် တမ္ပဝတီ ဦးဝင်းမောင်နဲ့ တစ်ရပ်ကွက်တည်း နေထိုင်ခဲ့သူ ဖြစ်ပါတယ်။

ဦးမြင့်ဆွေရဲ့ ဖခင်နဲ့ သူငယ်ချင်း ဖြစ်ပေမဲ့ သူတို့က စီးပွားရေး သမားတွေ ဖြစ်လို့ သိပ် အဆက်အဆံ မရှိခဲ့ဘူးလို့ ဦးဝင်းမောင်က ပြောပါတယ်။

ဦးမြင့်ဆွေဟာ စီးပွားရေး ချောင်လည်တဲ့ ရှေးဟောင်း ပစ္စည်း မှောင်ခို ရောင်းဝယ်သူ တစ်ယောက် ဖြစ်ပြီး မိသားစုက သူ့ကို သေပြီလို့ မှတ်ယူ ထားသူဖြစ် ပါတယ်။

သူက ပစ္စည်း အတု လုပ်တာ တော်လွန်းတဲ့ အတွက် စင်္ကာပူနဲ့ ဂျာမနီ နိုင်ငံက ပြတိုက်တွေမှာ ဦးမြင့်ဆွေရဲ့ ပစ္စည်း တွေကို ရှေးဟောင်း ပစ္စည်းတွေ အဖြစ် ပြသ ထားခဲ့တယ်လို့လည်း သူက ပြောပါတယ်။

ဒါတင်မက သူ့ ကားနဲ့ အရောင်တူ၊ အမျိုးအစားတူကို ဦးမြင့်ဆွေက ဝယ်သုံးပြီး သူ သွားခဲ့ဖူးတဲ့ ကျေးရွာ တွေမှာ ဦးဝင်းမောင် ကစေလွှတ်တဲ့ ပုံစံနဲ့ ရှေးဟောင်း ပစ္စည်းတွေ လိုက်လံ ဝယ်ယူ ခဲ့တယ် လို့လည်း ဦးဝင်းမောင်က ပြောပါတယ်။

ဦးမြင့်ဆွေက ထိုင်းနိုင်ငံကို သွားရောင်းချ ခဲ့တဲ့ ရှေးဟောင်း ပစ္စည်း တွေကို ဝယ်ယူခဲ့သူ တွေက အဲဒီ ပစ္စည်းတွေ ဟာ အစစ်အမှန် မဟုတ်တဲ့ အတွက် လာရောက် ဖြေရှင်းဖို့ ခေါ်တာကို သွားရောက် ခဲ့ပြီး ပြန်ရောက်မလာတဲ့ အတွက် ဇနီးဖြစ်သူက ရဲကို တိုင်ကြားပြီး စုံစမ်း ခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းဘက်က မကျေနပ်တဲ့ အတွက် အသတ်ခံရလို့ သေဆုံးသွားပြီလို့ ရဲအဖွဲ့နဲ့ မိသားစုက ဆုံးဖြတ် သတ်မှတ်ခဲ့ကြကြောင်း ဦးဝင်းမောင်က ပြောပါတယ်။

ဦးမြင့်ဆွေဟာ နိုင်ငံရေးကို စိတ်ပါဝင်စားမှု မရှိသလို ပါဝင် ပတ်သက်ခဲ့ဖူးခြင်းလည်း မရှိဘူးလို့ သူက ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ