ဦးကိုနီကို လုပ်ကြံမှု သတင်း အချက် အလက်တွေ မထုတ်ပြန်သေး

  • 1 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption စစ်မေးလို့ သိရတွေတာ လူထုသိအောင် အမြန် ပြောသင့်တယ်လို့ဆိုနေကြ

ရှေ့နေ ဦးကိုနီကို သေနတ်နဲ့ ပစ်သတ်ခဲ့သူ ဦးကြည်လင်းကို စစ်မေးချက်တွေ ထွက်လာပြီ ဆိုတဲ့ အင်တာနက် သတင်းတွေ အားလုံးကို အတည်မယူဖို့ ရဲချုပ် ဦးဇော်ဝင်းက ပြောပါတယ်။

တချို့ သတင်းတွေက မပေါက်ကြား သင့်ဘဲ ပေါက်သွားတာ ဖြစ်ပြီး ရဲတပ်ဖွဲ့က တိကျတဲ့ သတင်းတွေ ထုတ်ပြန်မယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ဘယ်တော့ ထုတ်ပြန်မယ် ဆိုတာကိုတော့ သူက တိတိကျကျ မပြောခဲ့ပါဘူး။

ဦးကိုနီကို သတ်သူ သေနတ်သမား ဦးကြည်လင်းကို ရဲက စစ်ဆေးတဲ့ ကနဦး စစ်ချက် တွေ ဆိုပြီး လူမှု ကွန်ရက်တွေ ပေါ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြန့်နှံ့ နေခဲ့တာ ဖြစ်ပါတယ်။

အဲဒီ စာရွက်တွေကို ရဲတပ်ဖွဲ့ဝင်တွေကြား ဗိုက်ဘာနဲ့ပို့တာမှာ ကြားဖြတ် ခိုးယူ ခံရတာလို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ရဲတပ်ဖွဲ့က မထုတ်ပြန်သေးခင် လတ်တလော အွန်လိုင်းမှာ ပြန့်နေတဲ့ အဲဒီ အချက် အလက် တွေအရ သတင်း တည်ဆောက်သူနဲ့ ဖြန့်သူတွေ ကြားမှာ သတင်း အမှား အမှန်ကို ဝေခွဲရ ခက်နေကြတဲ့ အတွက် တာဝန်ရှိသူတွေက လူထုသိအောင် အခြေအနေမှန်ကို အမြန် ပြောသင့်တယ်လို့ စာနယ်ဇင်း ကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က ပြောပါတယ်။

လူတွေ သိသင့်တဲ့ ကိစ္စ၊ ပြောနိုင်တဲ့ အပိုင်းကို မြန်မြန် အသိပေး ပြောဆိုဖို့က ရဲတပ်ဖွဲ့ရဲ့ တာဝန် ဖြစ်ကြောင်းနဲ့ ပေါက်ကြားလာတဲ့ သတင်းတွေကို မရေရာတဲ့ သတင်းတွေနဲ့ ရောထွေး ပြီးမမှန် သတင်းတွေ ဖန်တီးမှုတွေ ရှိလာနိုင်တဲ့ အန္တရာယ် ရှိနေတယ်လို့ သူက သတိပေး ပါတယ်။

အန်အယ်လ်ဒီပါတီ ဗဟိုဥပဒေ အထောက်ကူပြု အဖွဲ့ဝင်ရှေ့နေ ဦးကိုနီနဲ့ တက္ကစီ မောင်းသမား ဦးနေဝင်းတို့ အသတ်ခံရတာ အခုဆို ၃ ရက် မြောက်လာပြီး ဖမ်းမိထားတဲ့ လူသတ်သမားကို စုံစမ်း မေးမြန်းမှုက ရတဲ့ အချက်အချက် အလက်တွေကို လူအများက သိချင် နေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ