ကာကွယ်ရေး ဝန်ကြီးဌာန တောင်းတဲ့ ဘတ်ဂျက်က တတိယအများဆုံးဖြစ်

  • 1 ဖေဖော်ဝါရီ 2017
Image caption ကာကွယ်ရေး ဝန်ကြီးဌာနက အသုံးစရိတ် ဘီလျံ ၃ထောင်နီးပါး တောင်းခံထား

ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် စုစုပေါင်း အသုံးစရိတ် ကျပ်ငွေ ဘီလီယံ ၃ထောင်နီးပါး တောင်းခံထားပါတယ်။

ဒီတောင်းခံမှုကို လွှတ်တော်က အတည်မပြုရသေးပေမယ့် ဒီပမာဏဟာ သမ္မတ ဦးဆောင်တဲ့ ဘဏ္ဍာရေး ကော်မရှင်က အတည်ပြုထားတဲ့ ပမာဏ ဖြစ်ပါတယ်။

အခုလို ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် တောင်းခံထားတဲ့ ငွေပမာဏဟာ စုစုပေါင်း ဘတ်ဂျက်တစ်ခုလုံးရဲ့ ၁၄ ရာခိုင်နှုန်းခန့် ရှိတယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးက ပြောပါတယ်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် အများဆုံး တောင်းခံထားတဲ့ ဝန်ကြီးဌာနဟာ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာန ဖြစ်ပြီး ဘတ်ဂျက်တစ်ခုလုံးရဲ့ ၂၃ ရာခိုင်နှုန်း ရှိပါတယ်။

လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနကတော့ ၂၁ ရာခိုင်နှုန်းနဲ့ ဒုတိယအများဆုံး ဖြစ်သလို ကာကွယ်ရေးဝန်ကြီးဌာနက ၁၄ ရာခိုင်နှုန်းနဲ့ တတိယ အများ ဆုံး တောင်းခံထားတာပါ။

အခု ကာကွယ်ရေး ဝန်ကြီးဌာနက တောင်းခံထားတဲ့ ငွေပမာဏဟာ ပညာရေး၊ ကျန်းမာရေး ဝန်ကြီးဌာန နှစ်ခုပေါင်း ဘတ်ဂျက်နဲ့ မတိမ်းမယိမ်းမှာ ရှိနေပါတယ်။

ဒါပေမဲ့လည်း ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ တောင်းခံထားတဲ့ ဘတ်ဂျက်ငွေ ပမာဏဟာ ပြီးခဲ့တဲ့နှစ်ကထက် လျော့နည်းနေပါတယ်။

ကာကွယ်ရေးဝန်ကြီး ဌာနအနေနဲ့ အခု တောင်းခံထားတဲ့ ဘတ်ဂျက်ဟာ တပ်မတော် ကြည်းရေလေ တပ်ဖွဲ့တွေကို ခေတ်မှီ တပ်မတော်တစ်ခု ဖြစ်လာရေးနဲ့ ပြည်သူ့စစ် မဟာဗျူ စီမံကိန်းအတွက် အသုံးပြုဖို့ ဖြစ်တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြည်ထောင်စု လွှတ်တော်မှာ ရှင်းပြ သွားခဲ့ပါတယ်။

အခု တောင်းခံတဲ့ ပမာဏဟာ NLD ပါတီက ရွေးချယ်ထားတဲ့ သမ္မတ ဦးထင်ကျော် ဦးဆောင်တဲ့ ဘဏ္ဍာရေး ကော်မရှင်က ခွင့်ပြုထားပေမယ့် လွှတ်တော်က မခွင့်ပြုရသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးဝန်ကြီးဌာနက တောင်းခံတဲ့ ဖြည့်စွက် ဘတ်ဂျက်ကို လွှတ်တော်က မဖြတ်တောက်ပဲ ခွင့်ပြု ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ