ပြည်ပကသွင်းတဲ့ ကားတွေအတွက် စည်းကြပ်ဈေးနှုန်းသစ်ထုတ်

  • 2 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption အခုလို ပြောင်းလဲ သတ်မှတ်လိုက်တာကြောင့် တင်သွင်းတဲ့ကားဝယ်ဈေး ကျသွားရင်တောင်မှ ၂၀၁၇ ပါမစ်နဲ့ တင်သွင်းသူအတွက် မနှစ်ကထက် ကုန်ကျစားရိတ်ပိုများမယ်

ပြည်ပက မော်တော်ယာဉ်တင်သွင်းတဲ့ စည်းကြပ် တန်ဖိုး ( CIF ) ဈေးနှုန်းသစ်တွေကို ၂၀၁၇ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒီစည်းကြပ်တန်ဖိုးအလိုက် မော်တော်ယာဉ် တင်သွင်းသူက အစိုးရကို အခွန်ပေးရတာ ဖြစ်ပါတယ်။

အခုလို တန်ဖိုးတွေ ပြောင်းလဲ သတ်မှတ်လိုက်တာကြောင့် တင်သွင်းတဲ့ကားဝယ်ဈေး ကျသွားရင်တောင်မှ ၂၀၁၇ ပါမစ်နဲ့ တင်သွင်းသူအတွက် မနှစ်ကထက် ကုန်ကျစားရိတ်ပိုများမယ်လို့ မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရောင်းချရေး အသင်း ဒုဥက္ကဌ ဦးရန်မျိုးကျော်က ဘီဘီစီကို ပြောပါတယ်။

အထူးကုန်စည်ခွန်တိုးလာတာနဲ့ ဝင်ငွေခွန်နှုန်းထား တိုးလာတာတွေကြောင့်လည်း အခုလို ကုန်ကျစားရိတ် များလာတာဖြစ်ပါတယ်။

အင်ဂျင်အား လေးထောင်နဲ့ ငါးထောင် စီစီ ကြားက ကားတွေအတွက် အထူးကုန်စည်ခွန် ၂၅ ရာခိုင်နှုန်း ထားရာကနေ ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့် ကောက်ခံတော့မှာ ဖြစ်ပါတယ်။

၂၀၁၁ ယာဉ်အို ယာဉ်ဟောင်းစနစ်အရလည်း သိန်း သုံးရာအောက်ဆိုရင် ဝင်ငွေခွန် ၁၅ ရာခိုင်နှုန်း ကောက်ခံပြီး သိန်းသုံးရာကျော်ရင်တော့ ၂၀ ရာခိုင်နှုန်း ပြောင်းလဲကောက်ခံမှာ ဖြစ်ပါတယ်။

အင်ဂျင်အား ၁၃၀ဝ စီစီ အောက်ဆိုရင်တော့ ၂၀၁၀ အထက် မော်ဒယ်တွေ အတွက် စည်းကြပ်တန်ဖိုးကတော့ မပြောင်းလဲပဲ အမေရိကန် ဒေါ်လာ ငါးထောင်ပဲ သတ်မှတ်မှာ ဖြစ်ပါတယ်။

၂၀၁၅ နောက်ပိုင်း မော်ဒယ်တွက်ကိုတော့ ဘယ်မောင်း မော်တော်ယာဉ်ပဲ သွင်းရမယ်ဆိုတဲ့ အချက်ကိုလည်း စည်းကမ်းထုတ်ထားတယ်လို့ သိရပါတယ်။

အသုံးပြုပြီးသား ကားတွေမှာတော့ အခွန် ၁၀ ရာခိုင်နှုန်းလောက်အထိ လျှော့သွားတာရှိပြီး တက်သွားတဲ့ ရာခိုင်နှုန်းတော့ နည်းတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ