ဦးကိုနီ သတ်မှုမှာ နောက်ထပ် ပတ်သက်နိုင်သူ ပေါ်ထွက်

  • 2 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ရှေ့နေ ဦးကိုနီဟာ NLD ပါတီ အတွက် ဥပဒေရေးရာ အတိုင်ပင်ခံဖြစ်ခဲ့

ရှေ့နေ ဦးကိုနီကို သတ်ခဲ့သူ ဦးကြည်လင်းက သူ့ကို စေခိုင်းသူဟာ ဦးမြင့်ဆွေ ဆိုသူ ဖြစ်တယ်လို့ ပြောတဲ့ ရဲစစ်ချက်လို့ ယူဆရတဲ့ စစ်ချက် အွန်လိုင်း ပေါ်မှာ ပြန့်နှံ့မှာ လာခဲ့ပြီးနောက် ဦးမြင့်ဆွေ ဆိုသူရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာ ပါတယ်။

ဒါပေမဲ့ အဲဒီဓါတ်ပုံက ဦးမြင့်ဆွေ ဆိုသူ မဟုတ်ပဲ ဦးအောင်ဝင်းဇော် ဆိုသူ ဖြစ်နေပြီး ဦးကြည်လင်းနဲ့ အဲဒီလူက အမှုတွဲ အတူ ထောင်အတူ ကျခဲ့သူ ဖြစ်တယ်လို့ သူတို့ နှစ်ယောက်နဲ့ အိုးဘိုထောင်မှာ အတူ နေခဲ့ဖူးသူ ကိုအောင်စိုးက ပြောပါတယ်။

လူသတ် သမားက ဦးကြည်လင်း ဖြစ်တယ်လို့ သိလိုက်တာနဲ့ တပြိုင်နက် သူနဲ့ အိုးဘိုထောင် အတွင်း အတူနေ အတူစား ရှိခဲ့တဲ့ ဦးအောင်ဝင်းဇော် လည်း ပတ်သက် နိုင်တယ် ဆိုတာ သူ ချက်ချင်း ကောက်ချက် ချနိုင်တယ်လို့ ကိုအောင်စိုးက ပြောပါတယ်။

သူ့ကိုတောင် လူတစ်ယောက်ကို သတ်ပေးဖို့ ပြီးခဲ့တဲ့နှစ်က ဦးအောင်ဝင်းဇော်က ငွေပေး ကမ်းလှမ်း ခဲ့သေးတယ်လို့ ကိုအောင်စိုးက ပြောပါတယ်။

ဒီပြောဆိုမှု ထွက်ပေါ်လာပြီးနောက်မှာ ကိုအောင်စိုးကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ခေါ်ယူ တွေ့ဆုံ မေးမြန်းခဲ့ ပါတယ်။

နိုင်ငံခြား သံတမန် တစ်ယောက်ကို သတ်ပေးဖို့ ဦးအောင်ဝင်းဇော်က သူ့ကို ငွေပေး ငှားရမ်းဖူးတဲ့ ကိစ္စ၊ သူလက်မခံတဲ့ အတွက် ဦးကြည်လင်းကို ငှားတာ ဖြစ်နိုင်တယ် ဆိုတဲ့ ကိစ္စနဲ့ အိုးဘိုထောင် အတွင်း သူတို့ အတူနေ အတူစား ရှိခဲ့ကြတဲ့ အကြောင်း တွေနဲ့ ပတ်သက်လို့ ကိုယ်တိုင် မေးမြန်းချင်တဲ့ အတွက် ရဲတပ်ဖွဲ့က လာတွေ့တာလို့ ကိုအောင်စိုးက ပြောပါတယ် ။

အိုးဖိုထောင်မှာ အတူ နေခဲ့တုန်း ကတော့ ဦးအောင်ဝင်းဇော်က သူ ယောက်လမ်းထဲမှာ နေတယ်လို့ ပြောခဲ့ကြောင်း၊ သူအရင် ဆက်သွယ်ခဲ့ဖူးတဲ့ ဖုန်းနံပတ်ကို ဆက်တော့လည်း မကိုင်ကြောင်း ကိုအောင်စိုးက ဘီဘီစီကို ပြောပါတယ်။

လူသတ်သမား ဦးကြည်လင်းက သူ့ကို ခိုင်းသူဟာ ဦးအောင်ဝင်းဇော်လို့ မပြောဘဲ ဦးမြင့်ဆွေ ဆိုတဲ့ နာမည်ကို ဘာကြောင့် ပြောတာ ဖြစ်နိုင်မလဲလို့ ဘီဘီစီက မေးရာ မှာ သူတို့ဟာ ထောင် အတွေ့အကြုံ၊ ရဲ စစ်ချက် အတွေ့အကြုံတွေ ရှိလို့ ဖြစ်နိုင်ပြီး သူတို့ နောက်ကွယ်မှာ အဖွဲ့အစည်း တစ်ခုခု ရှိနေ နိုင်တယ်လို့ သုံးသပ်ကြောင်း ကိုအောင်စိုးက ပြောပါတယ်။

ကိုအောင်စိုးဟာ လုယက်မှု ၈မှုနဲ့ အိုးဘိုထောင်မှာ ထောင်ဒဏ် ၅၈ နှစ် ကျခံခဲ့ ရသူ ဖြစ်ပြီး ဦးကြည်လင်း၊ ဦးအောင်ဝင်းဇော်တို့နဲ့ အိုးဘိုထောင်မှာ အတူ ရှိခဲ့ဖူးတာ မှန်ကန်ကြောင်း အိုဘိုထောင်က ဘီဘီစီကို အတည်ပြုခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ