စစ်တွေကို အမေရိကန် သံအမတ် ၂ ရက်တာ သွားပြီး လေ့လာ

  • 3 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် အမေရိကန် သံရုံး
Image caption ရခိုင် ပြည်နယ် အစိုးရ ဝန်ကြီးချုပ် ဦးညီပု အပါအဝင် ပြည်နယ် အာဏာပိုင် တွေနဲ့ တွေ့ဆုံ

ရခိုင်ပြည်နယ် မြို့တော် စစ်တွေကို အမေရိကန် သံအမတ် စကော့ မာစီရယ်ဟာ ဖေဖော်ဝါရီ ၁ရက်နဲ့ ၂ ရက်နေ့ တွေမှာ သွားရောက်ပြီး ဒေသခံ အဖွဲ့ အမျိုးမျိုးနဲ့ တွေ့ဆုံ ခဲ့ပါတယ်။

ပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင် တဲ့ အခါ ရခိုင်နဲ့ မွတ်ဆလင် အသိုင်းအဝိုင်း မျက်နှာချင်းဆိုင် တွေ့ဆုံဖို့ လိုတယ် ဆိုပြီး ရခိုင် လူမှု အဖွဲ့အစည်းက သူတွေနဲ့ တွေ့ဆုံတုန်း မစ္စတာ မာစီရယ်က တိုက်တွန်း ခဲ့တယ်လို့ ကိုယ်တိုင် ရှိနေ ခဲ့သူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

လုံခြုံရေး အားကောင်းမှ ငြိမ်းချမ်းရေး တည်ဆောက်လို့ ရနိုင်မယ့် အကြောင်း ပြည်လည် ဆွေးနွေး ခဲ့တယ်လို့ ဝံလက် ဖောင်ဒေးရှင်းရဲ့ ဒါရိုက်တာ ဦးခိုင်ကောင်းစံက ဆိုပါတယ်။

ရခိုင် ပြည်နယ် လွှတ်တော်မှာ လွှမ်းမိုး ထားတဲ့ ရခိုင် အမျိုးသား ပါတီ ANP နဲ့လည်း တွေ့ဆုံ ခဲ့ပြီး မောင်တော မြို့နယ် ဖြစ်စဉ် တွေ အကြောင်း တစ်နာရီ ဝန်းကျင် ဆွေးနွေး ခဲ့တယ်လို့ ANP ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ပြောပါတယ်။

မြန်မာ့ နိုင်ငံရေး အပြောင်းအလဲ ဖြစ်လာပြီး အစိုးရသစ် တက်လာတာ တစ်နှစ် ရှိလာပြီ ဖြစ်ပေမယ့် ၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင် ရေးက အစ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး အတွက်လည်း ပီပီပြင်ပြင် မဖော်ဆောင် နိုင်သေးတဲ့ အကြောင်း ANP ရဲ့ သုံးသပ်ချက် တွေကို အမေရိကန် သံအမတ်ကို ပြောပြ ခဲ့တယ်လို့ ဒေါ်အေးနုစိန်က ဆိုပါတယ်။

မစ္စတာ မာစီရယ်ဟာ သူ့ရဲ့ ရခိုင် ခရီးစဉ် ၂ ရက်တာ အတွင်းမှာ ရခိုင် ပြည်နယ် အစိုးရ ဝန်ကြီးချုပ် ဦးညီပု အပါအဝင် ပြည်နယ် အာဏာပိုင် တွေနဲ့ရော၊ မွတ်ဆလင် အသိုင်းအဝိုင်းနဲ့ပါ တွေ့ဆုံ ခဲ့တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ရခိုင်ပြည်နယ်တွင်း တွေ့ကြုံ နေရတဲ့ စိန်ခေါ်မှု ပြဿနာတွေ အကြောင်း လေ့လာ နိုင်ဖို့နဲ့ အများပြည်သူ တိုးတက်ရေး အတွက် အမေရိကန် ဘက်က လက်တွဲ ဆောင်ရွက် နိုင်ဖို့ စစ်တွေကို သွားရောက် ခဲ့တာ ဖြစ်တယ်လို့ ရန်ကုန်မြို့ အမေရိကန် သံရုံးက ထုတ်ပြန် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ