ကေအိုင်အိုကို ရန်ကုန်လာဖို့ ငြိမ်းချမ်းရေး ကော်မရှင် ထပ်ပြော

  • 3 ဖေဖော်ဝါရီ 2017
Image caption ပြီးခဲ့တဲ့ နို၀င်ဘာတုန်းက ငြိမ်းချမ်းရေး ကော်မရှင်နဲ့ DPN အဖွဲ့ တတိယ အကြိမ် တွေ့ဆုံခဲ့စဉ်

အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်က ကချင် လွတ်လပ်ရေး အဖွဲ့ ကေအိုင်အို ဆီကို ဖေဖော်ဝါရီလ နှစ်ရက် နေ့စွဲနဲ့ စာပို့ခဲ့ပြီး ဒါဟာ တစ်ပတ် အတွင်း ဒုတိယ အကြိမ် ပေးပို့တာ ဖြစ်ပါတယ်။

ဇန္နဝါရီ ၂၇ ရက်နေ့က ပို့ခဲ့တဲ့ ပထမ စာထဲမှာ နိုင်ငံရေး ဆွေးနွေးလိုရင် ရန်ကုန်မှာ ဆွေးနွေးလို့ ရတယ် ဆိုတဲ့ အချက်အပေါ် မရှင်းလင်းဘူး ဆိုပြီး ကေအိုင်အိုက တုံ့ပြန် ခဲ့တဲ့နောက် အခုလို ဒုတိယ စာတစ်စောင် ထပ်မံ ပေးပို့ ခဲ့တာပါ။

ငြိမ်းချမ်းရေး ကိစ္စ ဆွေးနွေးဖို့ ရန်ကုန် လာပါ ဆိုပြီး ငြိမ်းချမ်းရေး ကော်မရှင် ဘက်က ဒုတိယ စာထဲ ရေးသား ထားပါတယ်။

ဒါပေမယ့် ဘယ်နေ့ ဘယ်ရက် ဆိုတာ သတ်မှတ် ပေးမထားဘူးလို့ ကေအိုင်အိုရဲ့ ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး နော်ဘူက ဘီဘီစီကို ပြောပါတယ်။

လက်နက်ကိုင် ပဋိပက္ခကို နိုင်ငံရေး နည်းနဲ့ ဖြေရှင်းဖို့ ဆိုတာဟာ ကေအိုင်အိုရဲ့ ပန်းတိုင် ဖြစ်တယ်လို့လည်း ဗိုလ်မှူးကြီး နော်ဘူက ဆိုပါတယ်။

ဒါပေမယ့် ကေအိုင်အိုဟာ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ရဲ့ အဖွဲ့ဝင် ဖြစ်တာနဲ့ အညီ UNFC လမ်းကြောင်း အတိုင်းဘဲ သွားမှာ ဖြစ်တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

ကေအိုင်အို တစ်ဖွဲ့တည်း အနေနဲ့ ဆွေးနွေးမှာ မဟုတ်ပဲ၊ နိုင်ငံရေး ဆွေးနွေးဖို့ UNFC တပ်ပေါင်းစုက ဖွဲ့ထားတဲ့ DPN ရဲ့ ညှိနှိုင်းမှု လမ်းကြောင်းအတိုင်း ဆက်သွားမယ်လို့ ကေအိုင်အိုက ပြောထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ