လွှတ်တော်တွင်း လုံခြုံရေးတိုးမြှင့်

  • 3 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption လွှတ်တော်ဝန်ထမ်းတွေ နေထိုင်ရာ စည်ပင် ရိပ်သာတွေမှာတော့ လုံခြုံရေးတိုးချထားပြီး အပြင်က ဝင်လာတဲ့ ကားကိုတွေလည်း ပိုမိုစစ်ဆေးမှုတွေ ပြုလုပ်နေ

ဖေဖော်ဝါရီလ ၂ ရက်နေ့က လွှတ်တော်ရုံးမှာတာဝန်ထမ်းဆောင်နေတဲ့ ဌာနအသီးသီးရဲ့ ဝင်စာထွက်စာတွေထဲမှာ သံသယဖြစ်စရာ စာအိတ်နဲ့ ပါဆယ်ထုတ်တွေပါလာရင် ချက်ခြင်းမဖွင့်ပဲ သက်ဆိုင်ရာကို အသိပေးဖို့ လွှတ်တော်မှာ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။

ဇန်နဝါရီလ ၂၇ ရက်နေ့ကလည်း နေပြည်တော်မှာ လွှတ်တော်ဥက္ကဌအပါအဝင် လွှတ်တော်က အကြီးအကဲ ဝန်ထမ်းတွေ လွှတ်တော် လုံခြုံရေးဆိုင်ရာ အစည်းအဝေးတရပ် ကျင်းပခဲ့ပြီး လုံခြုံရေး သတိရှိကြဖို့ လွှတ်တော်တွင်း ဌာနတွေကို စာပို့တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ NLD ပါတီ ဗဟို ဥပဒေ အထောက်အကူပြုအဖွဲ့ဝင် ဦးကိုနီ အသက်မခံရခင် ရက်ပိုင်းအလိုကတည်းက ပြည်ထဲရေးဝန်ကြီးက လုံခြုံရေး အမြဲသတိရှိဖို့ လွှတ်တော် ဥက္ကဌကို သတိပေးခဲ့ကြောင်း လွှတ်တော် အရာရှိတဦးက ပြောပါတယ်။

အခုလို သတိပေးရတာဟာ နိုင်ငံတကာမှာရော ပြည်တွင်းမှာပါ အဖျက်အမှောက် အကြမ်းဖက်တာတွေ ဖြစ်နေတဲ့ အတွက် အရင်ကထက်ပိုပြီး ဂရုစိုက်ဖို့ သတိပေးခဲ့တာလို့ လွှတ်တော် ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က ဘီဘီစီကို ပြောပါတယ်။

လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲသတင်းတပ်ဖွဲ့နဲ့ လွှတ်တော်ဝန်ထမ်းတွေ လုံခြုံရေးအတွက် ပူးပေါင်း ဆောင်ရွက်မှုတွေလည်း ပြုလုပ်နေပါတယ်။

လွှတ်တော်တွင်း လုံခြုံရေးအခြေအနေ ထူးထူးခြားခြား ပြောင်းလဲမှု မရှိပေမယ့် လွှတ်တော် ဝန်ထမ်းတွေ နေထိုင်ရာ စည်ပင် ရိပ်သာတွေမှာတော့ လုံခြုံရေးတိုးချထားပြီး အပြင်က ဝင်လာတဲ့ ကားကိုတွေလည်း ပိုမိုစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ကောလင်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဇော်က ဘီဘီစီကို ပြောပါတယ်။

လောလောဆယ်မှာ နေပြည်တော်က လူစည်ကားရာ နေရာတွေမှာ လုံခြုံရေးတွေ တိုးမြှင့်ချထားပြီး ရဲကားတွေ ကင်းလှည့်မှု ရှိသလို ရန်ကုန်မှာလည်း လုံခြုံရေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ