ဦးကိုနီ သတ်ခံရမှုကို အလေးထား စုံစမ်းနေ

  • 3 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် MOI
Image caption ပူးပေါင်း အမှုကျုးလွန်သူ အောင်ဝင်းဇော် ကိုလည်း ဖမ်းဆီး ရမိ

NLD ဥပဒေ အကြံပေး ရှေ့နေ့ ဦးကိုနီ သေနတ်နဲ့ ပစ်သတ် လုပ်ကြံ ခံခဲ့ရအပြီး သေနတ်သမား ကြည်လင်း ကို ရဲက ဖမ်းဆီး စစ်ဆေး မေးမြန်းမှု တွေ အရ အသက် ၄၆ နှစ် အရွယ် အောင်ဝင်းဇော် ဆိုသူ ကို ဇန်နဝါရီလ ၃၀ ရက်နေ့ မနက် ၄ နာရီ က ဘားအံ မြို့ သံလွင် တံတား မှာ ဖမ်းဆီး ရမိခဲ့ကြောင်းနဲ့ ဆက်စပ် တရားခံတွေ ထပ်မံ ဖမ်းဆီး ရေး အတွက် စုံစမ်း ဖော်ထုတ် နေကြောင်း နိုင်ငံတော် သမ္မတ ရုံးက သတင်း ထုတ်ပြန်ခဲ့ပါတယ်။

ရှေ့နေကြီး ဦးကိုနီ ကို ပစ်ခတ် လုပ်ကြံ ခဲ့မှုမှာ အတူတကွ ပြစ်မှု ကျူးလွန် ခဲ့သူ တရားခံ တစ်ဦး ဖြစ်ပြီးတော့ အောင်ဝင်းဇော် ဟာ ဗိုလ်ကြီးဟောင်း ဟုတ် မဟုတ် ဆိုတာကို စစ်ဆေး နေကြောင်း သမ္မတရုံး ပြောခွင့် ရ ပုဂ္ဂိုလ် ဦးဇော်ဌေး က ပြောပါတယ်။

ကြည်လင်း ရဲ့ ကနဦး ထွက်ဆိုချက်တွေ ထဲမှာ မြင့်ဆွေ ဆိုတဲ့ နာမည် ပါရှိနေတဲ့ အတွက် သူ့ကို ဖမ်းဆီး ရမိပြီလား ဆိုတဲ့ မေးခွန်း ကိုတော့ တရားခံ ထွက်ဆိုချက် မှန်သမျှ ကို မြေပြင်မှာ ပြန်လည် အတည်ပြု စုံစမ်းဖော်ထုတ် ပြီးမှ မှန်မမှန် ဆိုတာ ကို အတည်ပြုရတာ မျိုးဖြစ်တယ်လို့ သူက ဆိုပါတယ်။

သတ်တဲ့သူနဲ့ ပူးပေါင်း အမှုကျူးလွန်သူ ကို ဖမ်းဆီး ရမိခဲ့ပြီ ဖြစ်ပေမယ့် ဘာကြောင့် သတ်ရတယ် ဆိုတဲ့ ရည်ရွယ်ချက်ကို သိနိုင်ဖို့ အတွက် ဆက်လက် စုံစမ်း ဖော်ထုတ်ဖို့ လိုအပ်ကြောင်း ဦးဇော်ဌေး က ပြောကြားပါတယ်။

နောက်ဆက်တွဲ ကွင်းဆက် ဖော်ထုတ်မှုတွေကို ရဲတပ်ဖွဲ့ နဲ့ အတူ တပ်မတော် ကလည်း ပူးပေါင်း ဆောင်ရွက် နေပြီး တချို့တဝက် ကို သိရှိထားပြီး ဆက်လက် ဖမ်းဆီး မှုတွေ လုပ်ရဦးမှာ ဖြစ်ကြောင်း ဦးဇော်ဌေး က ဆက်ပြောပါတယ်။

ဒီအမှုဟာ စုံစမ်း စစ်ဆေးမှု မပြီးပြတ်သေး တဲ့အပြင် ဆက်စပ် တရားခံတွေကို ဖမ်းဆီး ဖို့ ကျန်သေးတာကြောင့် ခုချိန်မှာ သတင်း အပြည့်အစုံ ထုတ်ပြန်တာကို မလုပ်သေးတာလို့ ဦးဇော်ဌေး က ပြောပါတယ်။

သိသင့်သိထိုက်တဲ့ အချိန်မှာ အခြေအနေ အပေါ်မှာ မူတည်ပြီး အချိန်နဲ့ တပြေးညီ ပြည်သူ ကို အသိပေးသွားမယ်လို့ ဦးဇော်ဌေး က ဘီဘီစီကို ပြောကြားပါတယ်။

ဦးကိုနီ အသတ်ခံရမှု ကို တစ်နိုင်ငံလုံးက စောင့်ကြည့် နေတဲ့ အပြင် နိုင်ငံတကာ ကလည်း စိတ်ဝင်စား နေတဲ့ အမှုဖြစ်ပြီး အစိုးရ ဘက်က သတင်းထုတ်ပြန်မှု နှောင့်နှေး တာကြောင့် ပြင်ပမှာ ထင်ကြေးပေး ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

လုပ်ကြံမှု ကို ဆက်လက် စုံစမ်း စစ်ဆေး နေဆဲ ဖြစ်ပြီး သတင်းကို ထုတ်ပြန် လိုက်မယ် ဆိုရင် ဆက်စပ် တရားခံတွေကို ဖမ်းဆီးဖို့ အခက်အခဲတွေ ဖြစ်လာနိုင်တဲ့ အတွက် လိုအပ် တဲ့ အချိန်မှာ အသိပေးမှာ ဖြစ်ကြောင်း၊ သတင်း ထုတ်ပြန်မှု နှောင့်နှေး တဲ့ အပေါ်မှာ ပြည်သူတွေ ကလည်း နားလည် ဖို့ လိုအပ်ကြောင်း ဦးဇော်ဌေး က ပြောကြား ခဲ့ပါတယ်။

အခုအချိန်မှာ အများပြည်သူတွေ အနေနဲ့ ဘာသာရေးနဲ့ လူမျိုးရေး သွေးထိုး လှုံ့ဆော် မှုတွေ အပေါ် အထူး သတိပြုကြဖို့ ထပ်လောင်း သတိပေး ထားသလို တည်ငြိမ်မှု ပျက်ပြားအောင် လုပ်ဆောင်တာတွေ တွေ့ရင်လည်း အစိုးရကို အသိပေးဖို့ တိုက်တွန်း ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ