စစ်ပွဲတွေ ရပ်တန့်ဖို့ ရန်ကုန်နဲ့ တခြားမြို့တွေမှာ ချီတက်

  • 4 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် ShewInnThar KhinMgWin
Image caption ဒီလို တောင်းဆိုမှုတွေဟာ အငြင်းပွားစရာမရှိတဲ့ တောင်းဆိုမှုတွေဖြစ်ပြီး တပ်မတော်သာမက လွှတ်တော်နဲ့ အစိုးရမှာလဲ ငြိမ်းချမ်းရေးရဖို့ တာဝန်ရှိတယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုလင်းထက်နိုင်က ဘီဘီစီကို ပြော

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ရပ်တန့်ဖို့ ရန်ကုန်မြို့အပါအဝင် မြို့ကြီးပြကြီးတွေမှာ ငြိမ်းချမ်းရေး ချီတက်လမ်းလျှောက်ပြီး တောင်းဆိုတာတွေ ပြုလုပ်ခဲ့ပါတယ်။

ဆူးလေ မြို့တော်ခန်းမရှေ့မှာ လုပ်တဲ့ တောင်းဆို ဆန္ဒပြပွဲကို အရပ်ဖက် အဖွဲ့အစည်းတွေ နဲ့ တက်ကြွလှုပ်ရှားသူတွေ ဦးဆောင်ပြီး လူတစ်ထောင်လောက် ပါဝင်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ စစ်ပွဲတွေ ရပ်ပေးပါ၊ စစ်ဘေးသင့်သူတွေကို ကူညီပေးပါ ဆိုတဲ့ ဆိုင်းဘုတ်တွေကိုင်ပြီး မြေနီကုန်းနဲ့ ဗိုလ်စိန်မှန် အားကစားကွင်းကနေ ဆူးလေအထိ ချီတက်လမ်းလျှောက်ပြီး မြို့တော်ခန်းမရှေ့ ဟောပြောတာတွေ ပြုလုပ်ခဲ့ပါတယ်။

ပြည်တွင်းစစ်ကို သည်းမခံနိုင်တော့တဲ့အတွက် လက်နက်ကိုင် ခေါင်းဆောင်တွေ အသီးသီးက ပူးပေါင်း အဖြေရှာပေးကြဖို့ လိုတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတွေက ဘီဘီစီကို ပြောခဲ့ကြပါတယ်။

အခုလောလောဆယ်မှာ အစိုးရကနေ (၂၁) ရာစု ပင်လုံညီလာခံ ဆိုပြီး ငြိမ်းချမ်းရေးအတွက် ဦးဆောင်ပြုလုပ်နေတာတွေ ရှိပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ လပိုင်းရက်ပိုင်းတွေက ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ခဲ့ပါတယ်။

အဲဒီလို ဖြစ်ခဲ့ပြီး နောက်ပိုင်း ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲက ဒီတိုက်ပွဲတွေမှာ တပ်မတော်ကို ထောက်ခံတယ်ဆိုပြီး မျိုးစောင့်လူငယ် ကွန်ရက်တွေနဲ့ လွှတ်တော်အမတ်ဟောင်းတွေ ဦးဆောင်တဲ့ လူတစ်ထောင်လောက်ဟာ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ဖူးပါတယ်။

အခု ဆန္ဒပြ ပွဲကတော့ ဒါနဲ့ ဆန့်ကျင်ဘက်ပါ။ ပြည်တွင်းစစ်ရပ်စဲဖို့၊ စစ်အသုံးစရိတ် လျှော့ချဖို့၊ တပ်မတော်ဘက်က စပြီး အပစ်အခတ်ရပ်စဲပေးဖို့၊ နဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးဖို့ ဆိုပြီး အရပ်ဖက်အဖွဲ့အတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ ဦးဆောင် တောင်းဆိုနေကြတာဖြစ်ပါတယ်။

ဒီလို တောင်းဆိုမှုတွေဟာ အငြင်းပွားစရာမရှိတဲ့ တောင်းဆိုမှုတွေဖြစ်ပြီး တပ်မတော်သာမက လွှတ်တော်နဲ့ အစိုးရမှာလဲ ငြိမ်းချမ်းရေးရဖို့ တာဝန်ရှိတယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုလင်းထက်နိုင်က ဘီဘီစီကို ပြောပါတယ်။

စစ်ပွဲတွေရပ်ဖို့ တောင်းဆိုဆန္ဒပြမှုတွေကို မော်လမြိုင်၊ ပဲခူး၊ မကွေး၊ ရွှေဘို ညောင်တုန်း လွိုင်ကော် စတဲ့ မြို့တွေမှာ လည်း တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေနဲ့ အရပ်ဖက်အဖွဲ့တွေ လူမှုအဖွဲ့တွေ ဦးဆောင်ပြီး ဒီကနေ့မှာ လုပ်ခဲ့ပါတယ်။

မကွေးမှာတော့ စစ်ပွဲတွေရပ်ဖို့ ကန့်ကွက်ဆန္ဒပြတဲ့ ဆေးတက္ကသိုလ်ကျောင်းသားတစ်ဦးကို ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ပုဒ်မ (၁၈) နဲ့ ရဲစခန်းက အမှုဖွင့်ထားပါတယ်။

ငြိမ်းချမ်းရေးရဖို့ အစိုးရကနေ ဦးဆောင်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဆွေးနွေးမှုတွေ လုပ်နေတာ ရှိနေပေမယ့် ဆန္ဒပြပွဲ ဦးဆောင်သူတွေကတော့ သူတို့အနေနဲ့ တောင်းဆိုမှုတွေကို ပုံစံအမျိုးမျိုးနဲ့ ဖော်ဆောင်သွားမယ်လို့ ပြောပါမယ်။

ဖေဖော်ဝါရီ လလယ်လောက်မှာလည်း ရန်ကုန် မျက်မမြင်ကျောင်းက မသန်စွမ်းသူ အယောက် ၅၀ လောက်ဟာလည်း မြစ်ကြီးနားကနေ နေပြည်တော်အထိ ဘီးတပ် ကုလားထိုင်တွေနဲ့ ငြိမ်းချမ်းရေး အတွက် ချီတက်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ