ရန်ကုန်တိုင်းထဲမှာ လက်နက်အပြည့်နဲ့ လုံခြုံရေး တိုးမြှင့် ဆောင်ရွက်နေ

  • 5 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption NLD ဥပဒေအကြံပေး ဦးကိုနီ ရန်ကုန် လေဆိပ်မှာ လုပ်ကြံခံခဲ့ရ

NLD ဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ရှေ့နေဦးကိုနီ လုပ်ကြံ ခံခဲ့ရပြီးနောက်ပိုင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ကနေ မြို့တွင်း လုံခြုံရေးကို အင်အား တိုးမြှင့်ချ ဆောင်ရွက်နေပါတယ်။

မြို့အဝင်အထွက် ဂိတ်တွေ၊ ဘုရားစေတီတွေ၊ ဘာသာရေး အဆောက်အဦးတွေနဲ့ လူစည်ကားတဲ့ နေရာတွေမှာ လက်နက်ခဲယမ်း အပြည့် ကိုင်ဆောင်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူ ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့က ဒုတိယရဲမှူးကြီး မြင့်ထွေးက ပြောပါတယ်။

အခုလို လုံခြုံရေး တိုးမြှင့်ချထားရတဲ့ အကြောင်းရင်းကိုတော့ ဒုတိယရဲမှူးကြီး မြင့်ထွေးက တိတိပပ မပြောပါဘူး။

ဒါဟာ လက်နက်နဲ့ တိုက်ခိုက်မှုမျိုး ရှိလာနိုင်မယ့် သတင်းတွေ ရထားလို့လားဆိုပြီး ဘီဘီစီက မေးရာမှာတော့ ဒီလိုမျိုး သတင်းတွေရထားတာ မရှိသလို မြို့တွင်း လုံခြုံရေး အခြေအနေကလည်း ပုံမှန်အတိုင်း ဖြစ်တယ်လို့ ဒုတိယရဲမှူးကြီး မြင့်ထွေးကပြောပါတယ်။

လောလောဆယ်မှာ ရန်ကုန်မြို့တွင်း လူသတ်မှု၊ ခိုးမှု ၊ လုယက်မှုတွေ အရင်ကထက် ပိုများလာတာတွေကြောင့်လည်း မြို့တွင်း လုံခြုံရေးကို လူအများက စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

ရန်ကုန်မှာ အခုလို လုံခြုံရေး တိုးမြှင့်တာဟာ ပြည်ထောင်စုနေ့ ကျင်းပဖို့ နီးချိန်နဲ့ ဧပြီလမှာ ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲ အကြို မဲဆွယ်မှုတွေမှာ အမှုအခင်း ရာဇဝတ်မှုတွေ မဖြစ်ဖို့ လုပ်ဆောင်နေတဲ့ သဘောလည်း ရှိပါတယ်။

ပြီးခဲ့တဲ့ အပတ်က လူစည်ကားရာ ရန်ကုန်လေဆိပ်မှာ ရှေ့နေ ဦးကိုနီ လုပ်ကြံ သတ်ဖြတ် ခံရပြီးနောက်ပိုင်း ရဲတွေရဲ့ လုံခြုံရေး ဆောင်ရွက်မှုနဲ့ ပတ်သက်လို့ လူအများစုရဲ့ ဝေဖန် ပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။

ဒါ့အပြင် ဦးကိုနီ အသတ်ခံရမှုမှာ ကျူးလွန်ခဲ့တဲ့ သေနတ်သမားကို ရဲက ချက်ချင်း ဖမ်းဆီးနိုင်ပေမယ့် ဆက်စပ်တရားခံတွေ ဖမ်းဆီးမှုနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့က ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပေးဖို့ကို လူထုက လိုလားနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ