ကျောက်တော်မြို့ မဟာမုနိ ရုပ်ပွားတော် စလွယ်တော် ဖြုတ်ချ

  • 6 ဖေဖော်ဝါရီ 2017
Image caption မဟာမုနိ ရုပ်ပွားတော်ကို ရှေးမူလက်ရာအတိုင်းသာ ဒေသခံပြည်သူတွေက ကိုးကွယ်ချင်နေကြ

ရခိုင်ပြည်နယ် ကျောက်တော်မြို့ သမိုင်းဝင် တန်ခိုးကြီး မဟာမုနိ ရုပ်ပွားတော်မှာ စလွယ်တော်၊ နားဋောင်းခေါ် နားကင်းတော်နဲ့ ပခုံးပေါ်မှာ တပ်ဆင်ထားတဲ့ စွန်တော်တို့ကို ဒေသခံ ပြည်သူ တစ်သောင်းခန့်က ဖေဖေါ်ဝါရီလ ၅ရက်နေ့က က ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ပြီး လူထု အင်အားနဲ့ ဖြုတ်ချခဲ့ကြပါတယ်။

အာဏာပိုင်တွေက စစ်တပ်နဲ့ရဲတွေကို စေလွှတ်ပြီး တားဆီးဖို့ ကြိုးစားခဲ့ပေမယ့် လူထု အင်အားများတဲ့ အတွက် မတားဆီးနိုင်ခဲ့ဘူးလို့ သိရပါတယ်။

ကျောက်တော်မြို့က မဟာမုနိ ဘုရားရုပ်ပွားတော်မှာ စလွယ်တော်နဲ့ ဆက်စပ်ပစ္စည်းတွေ အရင်က မရှိခဲ့ပဲ တစ်ချိန်က မြန်မာပြည်မှာ ဩဇာတန်ခိုးကြီးထွားခဲ့တဲ့ ထောက်လှမ်းရေး ညွန်ချုပ် ဗိုလ်ချုပ်ခင်ညွှန့်က ၁၉၉၄ခုနှစ်မှာ ကပ်လှူ ခဲ့တာဖြစ်ပါတယ်။

ခုလို ဘုရားမှာ ဝတ်ဆင်ထားတဲ့ စလွယ်တော်၊ နားကင်းတော်၊ ပုခုံးမှာ တပ်ဆင်ထားတဲ့ စွန်တော်နဲ့ ဦးခေါင်းမှာ ဆောင်းထာတဲ့ မကိုဋ်တော်တွေကို ဖြုတ်ချရတာဟာ ရှေးမူအတိုင်း ကိုးကွယ်ချင်လို့ ဖြစ်ကြောင်း ဆန္ဒ ဖော်ထုတ်ပွဲမှာ ဦးဆောင်ပါဝင်သူ ဦးမောင်ထွန်းခင်က ဘီဘီစီကို ပြောပါတယ်။

မဟာမုနိ ရုပ်တုတော်ဟာ အေဒီ ၁၇၈၄ ခုနှစ် ရခိုင်ပြည်ကို ဘိုးတော် ဦးဝိုင်း သိမ်းပိုက်ပြီးနောက် မန္တလေး အမရပူရကို ယူဆောင်သွားတဲ့ မဟာမုနိ ဘုရားရဲ့ နေရာမှာ ရခိုင်ပြည်သူတွေ အစားထိုး ကိုးကွယ်ထားတဲ့ တန်ခိုးကြီး မဟာမုနိ ရုပ်တုတော် ဖြစ်တယ်လို့ သမိုင်း အထောက်အထားတွေ အရ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ