ဦးကိုနီ သတ်ခံရမှု သတင်းထုတ်ပြန်မှု အားနည်း

  • 6 ဖေဖော်ဝါရီ 2017
Image caption ပြည်ထဲရေး ဝန်ကြီးဌာန နဲ့ ပြန်ကြားရေး ဝန်ကြီး ဌာန ကို ဆက်သွယ် မေးမြန်း ခဲ့ပေမယ့် ဖြေကြားဖို့ ငြင်းဆို ခဲ့ကြပြီး ဘယ်သူကမှ တာဝန်ခံ ပြီး ဖြေကြားခြင်း မရှိ

NLD ဥပဒေ အကြံပေး ရှေ့နေ ဉီးကိုနီ လုပ်ကြံခံရတာ တပတ် ကျော်လာပေမယ့် အစိုးရက တိကျတဲ့သတင်းထုတ်ပြန်မှုတွေ မရှိတဲ့ အပြင် လူမှုကွန်ရက် သတင်း တွေပေါ် အခြေခံပြီး ပြည်သူလူထုကြားမှာ သတင်းမှန်ရဖို့ ခက်ခဲနေတယ်လို့ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း က ပြောပါတယ်။

လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တဲ့ ပစ်ခတ် လုပ်ကြံသူ ကြည်လင်း ရဲ့ထွက်ဆိုချက်တွေကို ကြည့်ခြင်း အားဖြင့် မြင့်ဆွေ နဲ့ ဖမ်းဆီး ရမိထားတဲ့ အောင်ဝင်းဇော်တို့ဟာ တယောက်စီ ဖြစ်ကြောင်း ကိုဆွေဝင်း က ပြောပါတယ်။

ရဲအစီရင်ခံစာ မှာ ပါတဲ့ မြင့်ဆွေ ဆိုသူဟာ မန္တလေးသား ဖြစ်ပြီး သူ့ရဲ့ ဖခင်ဟာ ကြေးသွန်း လုပ်ငန်းတွေ လုပ်ကိုင်သူ လို့ ဆိုထားပြီး ဖမ်းဆီး ရမိထားတဲ့ အောင်ဝင်းဇော် ဆိုသူရဲ့ နောက်ခံ အကြောင်းနဲ့ များစွာ ကွဲလွဲ နေပါတယ်။

အောင်ဝင်းဇော် ရဲ့ ငယ်သူငယ်ချင်းတွေ၊ ဦးလေး တော်စပ်သူ၊ ထောင်ထဲမှာ အတူနေ ခဲ့ဖူးတဲ့ အကျဉ်းသား အချို့နဲ့ စကားပြောကြည့်ခဲ့ပြီး နောက်မှာ သူဟာ မြင့်ဆွေ မဟုတ်ဘူး ဆိုတာ ကို တိတိကျကျ သိလာရတယ်လို့ ကိုဆွေဝင်း က ပြောပါတယ်။

အခင်း ဖြစ်ပွားခဲ့ပြီး ၂၅ နာရီကျော်မှ သတင်း ထုတ်ပြန် ခဲ့တဲ့ အတွက် ရှုပ်ထွေး မှုတွေ ဖြစ်ပွား စေခဲ့ကြောင်း၊ ၁၂ နာရီ အတွင်း အောင်ဝင်းဇော်ကို ဖမ်းဆီးရမိ ထားကြောင်း နောက်ပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပေမယ့် ကနဦး ထုတ်ပြန်ချက် ထဲမှာ သူနဲ့ ပတ်သက်တာ တွေ မပါရှိခဲ့ပါဘူး။

လုံခြုံရေး ဆိုင်ရာ အကြောင်းပြချက်ကြောင့် အချက်အလက် တစ်ခု မကျန် ပြည်သူ ကို ထုတ်ပြန်ပေးစရာ မလိုပေမယ့် သိသင့်သိထိုက် တာတွေကိုတော့ အချိန်နဲ့ တပြေးညီ သတင်းထုတ်ပြန်ဖို့ လိုအပ်ပါတယ်။

လေဆိပ် က လုံခြုံရေး ကင်မရာ မှတ်တမ်းတွေ၊ အခင်း ဖြစ်ပွားရာ နေရာမှာ ရှိနေတဲ့ သင်္ကာမကင်း ဖြစ်စရာ လူတွေ ရဲ့ ဓါတ်ပုံတွေကို ပြည်သူ လူထုကို အမြန်ဆုံး ထုတ်ပြန် ပေးဖို့ လိုအပ်ပါတယ်။

သတင်းတွေကို အမှောင်ချ ထားတဲ့ အတွက် ပါဝင ္ပတ်သက်နေသူတွေ ထွက်ပြေး လွတ်မြောက်အောင် အာဏာပိုင် အဖွဲ့အစည်း တွေက ကူညီနေသလား ဆိုတဲ့ အဓိပ္ပါယ် ကောက်ယူမှု လွဲမှား စရာတွေ ဖြစ်လာ နိုင်တယ်လို့ ကိုဆွေဝင်း က ဆိုပါတယ်။

သက်ဆိုင်ရာ ရဲစခန်း၊ ပြည်ထဲရေး ဝန်ကြီးဌာန နဲ့ ပြန်ကြားရေး ဝန်ကြီး ဌာန ကို ဆက်သွယ် မေးမြန်း ခဲ့ပေမယ့် ဖြေကြားဖို့ ငြင်းဆို ခဲ့ကြပြီး ဘယ်သူကမှ တာဝန်ခံ ပြီး ဖြေကြားခြင်း မရှိပါဘူး။

ရှေ့နေ ဦးကိုနီ ပစ်ခတ် လုပ်ကြံ ခံရတဲ့ ဓါတ်ပုံ ဟာ နာရီပိုင်းအတွင်း လူမှုကွန်ရက် စာမျက်နှာတွေပေါ် ရောက်လာတဲ့ အတွက် လူ့အဖွဲ့အစည်း အတွင်းမှာ အကြောက်တရားတွေ ဖြစ်အောင် ဖန်တီးတာ ဖြစ်နိုင်ကြောင်း သူက ဆို ပါတယ်။

အမှုနဲ့ ပတ်သက်လို့ ရှုပ်ထွေးမှုတွေ ဖြစ်လာအောင် အုပ်စုတစ်စု ဒါမှမဟုတ် လူတစ်စု ကနေပြီး မမှန်ကန်တဲ့ သတင်းအချက် အလက်တွေ၊ မှန်တစ်ဝက် မှားတစ်ဝက် သတင်း အချက်အလက် အများအပြား ထုတ်လွှင့်မှုတွေလည်း ရှိနေပါတယ်။

အခု အမှုမှာ အစိုးရပိုင်း က သတင်းအမှောင်ချ ထားတဲ့ အတွက် ပြည်သူတွေ အတွက်ရော သတင်း သမား တွေ အတွက်ပါ အကြပ်အတည်း ဖြစ်စေတယ်လို့ ကိုဆွေဝင်း က သုံးသပ် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ