မြစ်ကြီးနားမှာ ဗိုလ်ချုပ် ကြေးရုပ် ဆောက်ဖို့ ကချင်ပါတီတွေ ကန့်ကွက်

  • 7 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် AFP/GETTY IMAGES
Image caption စစ်မက်တွေကြောင့် ကချင်ပြည်သူတွေ စစ်ဘေး ဒုက္ခရင်ဆိုင်နေရ

မြစ်ကြီးနား မြို့လယ်မှာ ဗိုလ်ချုပ် အောင်ဆန်း ကြေးရုပ် စိုက်ထူရေး ဆောင်ရွက် နေတာတွေကို ကချင်နိုင်ငံရေး ပါတီတွေ စုပေါင်းထားတဲ့ ကချင် နိုင်ငံရေး ဦးဆောင် ကော်မတီ KPCC က ကန့်ကွက် လိုက်ပါတယ်။

စစ်မက် ဖြစ်ပွားမှုကြောင့် ကချင်ပြည်သူတွေ စစ်ဘေး ဒုက္ခ ရင်ဆိုင်နေရချိန်မှာ ဗိုလ်ချုပ် ကြေးရုပ် စိုက်ထူနိုင်ရေးထက် ဗိုလ်ချုပ် ပေးခဲ့တဲ့ ပင်လုံ ကတိ ကဝတ်တွေကို ဦးစားပေး အကောင်အထည် ဖော်ပေးဖို့ ကချင် ပြည်သူတွေက လိုလားတယ်လို့ KPCC က ဖေဖော်ဝါရီ ၆ ရက်နေ့ ရက်စွဲနဲ့ ကချင်ပြည်နယ် ဝန်ကြီးချုပ်ကို ပေးပို့တဲ့ ကန့်ကွက် စာထဲမှာ ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် စိုက်ထူတာကို နိုင်ငံရေး ပါတီတွေက ကန့်ကွက်ကြတာ အခု ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

ကချင် ပြည်နယ် အတွင်း ငြိမ်းချမ်းရေး မရသေးခင် ဗိုလ်ချုပ် ကြေးရုပ် စိုက်ထူဖို့ စောလွန်း သေးတယ်လို့ ကန့်ကွက်တဲ့ နိုင်ငံရေးပါတီတွေထဲမှာ ပါတဲ့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ အတွင်းရေးမှူး ဦးတူးရော်က ပြောပါတယ်။

မြစ်ကြီးနားမြို့လယ်ခေါင်မှာ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် စိုက်ထူဖို့ ကချင်ပြည်နယ် အစိုးရက ပြီးခဲ့တဲ့ သီတင်းပတ်တွေ ကတည်းက လုပ်ဆောင်နေခဲ့ပါ။

ဗိုလ်ချုပ် အောင်ဆန်းကို တိုင်းပြည်ရဲ့ လွတ်လပ်ရေး ဖခင်ကြီး အဖြစ် အများက အသိအမှတ်ပြု ထားကြတာကို လက်ခံပေမဲ့ ကချင်ပြည်နယ်မှာ သူ ပြောခဲ့တဲ့ စကားတွေ အခုချိန်ထိ အကောင်အထည် မဖော်နိုင်သေးဘူးလို့ ဦးတူးရော်က ပြောပါတယ်။

ဗိုလ်ချုပ် အောင်ဆန်း ကြေးရုပ် တွေကို ပြီးခဲ့တဲ့ ၂၀၁၅ ခုစ်က ဗိုလ်ချုပ် မွေးနေ့ ရာပြည့် အထိမ်းအမှတ် အနေနဲ့ ပြည်နယ်နဲ့တိုင်း အတော်များများမှာ အစိုးရနဲ့ အန်န်လ်ဒီ ပါတီကည ဦးဆောင် စိုက်ထူ နေခဲ့တာ ဖြစ်ပါတယ်။

အခုလည်း မြစ်ကြီးနား မြို့လယ်က နာရီစင်နဲ့ စိမ်းမြဧရာ ဥယျာဉ် ကြားက မြေကွက်လပ်မှာ ဗိုလ်ချုပ် ကြေးရုပ် စိုက်ထူဖို့ ပြင်ဆင် နေကြတာ ဖြစ်ပါတယ်။

ကန့်ကွက်မှုတွေ ရှိပေမဲ့ ပြည်နယ်အစိုးရ ကတော့ ဒီရုပ်တုကို ပြည်ထောင်စုနေ့ အမီ ပြီးအောင် ဆက်လက် ဆောက်လုပ် မယ်လို့ ကချင် ပြည်နယ် အစိုးရ ပြောခွင့် ရသူ ဦးဒီဆင်ရန်က ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ