ရန်ကုန် Water Taxi ခရီးစဉ် မကြာခင် စတင်ဖို့ရှိ

  • 7 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption လှိုင်မြစ် နဲ့ ငမိုးရိပ်ချောင်း တွေမှာ Water Taxi တွေ ပြေးဆွဲ ဖို့ စီစဉ်ထား

ရန်ကုန်မြို့မှာ နေ့ စဉ် ကြုံတွေ့နေရတဲ့ ယာဉ်ကြော ပိတ်ဆို့မှုတွေ လျော့ကျစေဖို့နဲ့ လှိုင်သာယာ ၊ ဒဂုံ စတဲ့ မြို့ထဲနဲ့ အလှမ်းဝေးတဲ့ နေရာမှာ နေထိုင်ကြသူတွေ သွားလာရေး လျှင်မြန်လွယ်ကူစေဖို့ ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့က လှိုင်မြစ်နဲ့ ငမိုးရိပ်ချောင်း အတွင်း Water Taxi ပြေးဆွဲ ဝန်ဆောင်မှု ပေးဖို့ ပြင်ဆင်နေပါပြီ။

လှိုင်မြစ် နဲ့ ငမိုးရိပ်ချောင်း တွေမှာ Water Taxi တွေ ပြေးဆွဲ ဖို့ စီစဉ်ထားတာပါ။ လှိုင်မြစ် မှာ ပြေးဆွဲမဲ့ အစီအစဉ် က အောင်ဇေယျ တံတား ကနေ စတင်ပြီး ပန်းဆိုးတန်း အထိ ပြေးဆွဲမှာ ဖြစ်ကြောင်း ရန်ကုန် သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့ အတွင်းရေးမှူး ဒေါက်တာ မောင်အောင် က ပြောပါတယ်။

ငမိုးရိပ်ချောင်းမှာ ပြေးဆွဲမဲ့ အစီအစဉ် ကတော့ မြောက်ဒဂုံ နဲ့ တောင် ဥက္ကလာ ဘေလီ တံတားကနေ စတင်ပြီး ညောင်တန်း သီတာဆိပ် ထိ ပြေးဆွဲ ပေးမှာ ဖြစ်ပါတယ်။

ရေယာဉ် ပြေးဆွဲမှု အစီအစဉ် အတွက် ပုဂ္ဂလိက ကုမ္ပဏီ ၂ ခု ကို တင်ဒါ ခေါ်ယူ ထားပြီး ရေယာဉ် ရပ်နားဖို့ အတွက် ဆိပ်ကမ်းငယ် တည်ဆောက်မှုတွေကို အခုနှစ် ထဲမှာ အကောင်အထည် ဖော်ဖို့ စီစဉ် ထားကြောင်း သိရှိရပါတယ်။

လုပ်ကိုင်ခွင့် ပေးတဲ့ ကုမ္ပဏီတွေကို နိုင်ငံတကာ ရေကြောင်း ခရီးပို့ဆောင်မှု အတွေ့ အကြုံ ဘယ်လောက် ရှိသလဲ ဆိုတဲ့ အပေါ်မူတည်ပြီး ရွေးချယ် သွားမှာဖြစ်တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

၂၀၁၁ ခုနှစ်တုန်းက အခုလို အစီအစဉ် ကို လုပ်ခဲ့ဖူးပြီး ကားသိပ်မကြပ်သေးတဲ့ အချိန် ဖြစ်တာကြောင့် အသုံးပြုသူ နည်းပါး ခဲ့ပါတယ်။

အခုအချိန်မှာတော့ မြို့ပြင် က နေ မြို့ထဲကို လာရောက်ချင်သူတွေ အတွက်က အနည်းဆုံး အချိန် ၂ နာရီခန့် ကုန်ဆုံးနေရတဲ့ အတွက် ရေလမ်း ကနေ ခရီးသွားလာမှု တိုးမြှင့် လာဖို့ ရည်ရွယ် လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။

မြို့ပတ် ရထားခရီးစဉ်တွေကို စီးရေ တိုးမြှင့်ဖို့ ဆောင်ရွက်နေပြီး မြေအောက် ရထား ပြေးဆွဲဖို့ စီမံချက်ရေးဆွဲ ဆောင်ရွက်နေကြောင်း ရန်ကုန်သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့ အတွင်းရေးမှူး က ပြောပါတယ်။

ဒါ့ အပြင် မြို့ပတ် ရထားလမ်း ကို အဆင့်မြှင့်တင်ဖို့ အစီအစဉ်တွေ ရှိပေမယ့် အချိန် စောင့်ရမှာ ဖြစ်တဲ့ အတွက် အချိန် တိုတွင်းမှာ အမြန် အသုံးချ နိုင်မဲ့ ရေလမ်း ကို အသုံးပြုဖို့ စီစဉ် ခဲ့တာပါ။

ရေလမ်း ကို အသုံးပြုပြီး ခရီးသည် ပို့ဆောင်ရေး လုပ်မဲ့ အစီအစဉ်မှာ ဘေးကင်း လုံခြုံရေး ကို နိုင်ငံတကာ စံချိန် စံညွှန်းတွေကို လိုက်နာတဲ့ ကုမ္ပဏီတွေကို အဓိက ထား လုပ်ကိုင်ခွင့် ပေးသွားမယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ