ငြိမ်းချမ်းရေး ညီလာခံ နောက်ဆုတ်ဖို့ ALP တောင်းဆို

  • 8 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် Myanmar State Counsellor Office
Image caption ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကို ဖေဖော်ဝါရီလ ၆ ရက်က ကျင်းပခဲ့

အစိုးရနဲ့ ပြည်နယ် အဆင့် NCA ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးထားတဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီက ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံကို နောက်ဆုတ်ဖို့ တောင်းဆိုပါတယ်။

ALP ဟာ ပြည်နယ် အဆင့် ငြိမ်းချမ်းရေး စာချုပ်ကို သမ္မတဟောင်း ဦးသိန်းစိန် အစိုးရ လက်ထက်က ရေးထိုးခဲ့တဲ့ အဖွဲ့ ဖြစ်ပြီး ပထမအကြိမ် နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို တက်ရောက်ခဲ့တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

အခု ညီလာခံ ကျင်းပမယ့် ရက်ကို နောက်ဆုတ် ပေးဖို့ တောင်းဆို လာရတဲ့ အကြောင်းက ညီလာခံ မတိုင်မီ လူမျိုးအလိုက် အမျိုးသား အဆင့် ဆွေးနွေးပွဲကို ရခိုင်ပြည်နယ်မှာ ပြုလုပ်ရမှာ ဖြစ်ပေမဲ့ မလုပ်ဖို့ ဆုံးဖြတ်တဲ့ အတွက် နောက်ဆုတ်ဖို့ တောင်းဆို ရတာလို့ ALP ပါတီ ထိပ်တန်း ခေါင်းဆောင် တစ်ဦး ဖြစ်သူ ဒေါ်စောမြ ရာဇာလင်းက ဘီဘီစီကို ပြောပါတယ်။

NCA ရဲ့ မူအရ ဆိုရင် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ပြီးမှ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ကျင်းပရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC က ရခိုင်မှာ နိုင်ငံရေး အဆင့် ဆွေးနွေးပွဲ မလုပ်ဖို့ ဆုံးဖြတ်တဲ့ အကြောင်းပြချက်ကို ရှင်းရှင်း လင်းလင်း ပြောဆိုတာ မရှိကြောင်းနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည်ကတော့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ၂၁ ရာစု ပင်လုံ ကျင်းပမယ်ဆိုရင် အချိန်မမီ တော့ဘူးလို့ ပြောကြောင်း ဒေါ်စောမြ ရာဇာလင်းက ပြောပါတယ်။

လူမျိုး အလိုက် နိုင်ငံရေး အဆင့် ဆွေးနွေးပွဲ တွေကို အပစ်ရပ် အဖွဲ့တွေရဲ့ သက်ဆိုင်ရာ နယ်မြေတွေမှာ ပြုလုပ်ခဲ့ကြပြီး ရခိုင်နဲ့ ချင်းပြည်နယ် မှာ လုပ်ခွင့် မရသေးတဲ့ အပေါ်မှာ UPDJC ထဲမှာ အငြင်းပွားမှုတွေ ပေါ်ပေါက် နေပါတယ်။

ပြီးခဲ့တဲ့ UPDJC အစည်း အဝေးမှာ ပအိုဝ်း ဒေသ၊ ရှမ်းပြည်နယ်နဲ့ ပဲခူးတိုင်းမှာ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ တွေ ကျင်းပဖို့ ဆုံးဖြတ်ခဲ့ ပြီး ချင်းပြည်နယ်မှာ ကျင်းပခွင့် မပြုတာဟာ အစိုးရဘက်က လိုလားမှု မရှိလို့ လို့ ချင်းအမျိုးသား ဒီမိုကရက်တစ် ပါတီ က ပြောပါတယ်။

အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပဖို့ ချင်းပြည်နယ် အတွင်းက နိုင်ငံရေး ပါတီတွေ၊ အပစ်ရပ် လက်မှတ်ထိုး ထားတဲ့ CNF ချင်းအမျိုးသား တပ်ဦးအဖွဲ့နဲ့ ချင်းပြည်နယ်က အရပ်ဘက် အဖွဲ့ အစည်းတွေ ကြိုတင်ညှိနှိုင်း ဆွေးနွေးခဲ့ကြပြီး အဆင်သင့် ရှိနေကြပြီ ဖြစ်ကြောင်း ချင်းအမျိုးသား ဒီမိုကရက်တစ် ပါတီ က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ