လူ့အခွင့်အရေး ချိုးဖောက်မှု ရှိမရှိ တပ်မတော် စုံစမ်းမယ်

  • 9 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် European Photopress Agency
Image caption ရခိုင်ပြည်နယ် အတွင်းလုံခြုံရေးတာဝန်ယူနေတဲ့ ရဲတပ်ဖွဲ့ဝင် တစ်ယောက်

ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်တော ဒေသမှာ နယ်ခြားစောင့် ရဲစခန်းတွေ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရ အပြီး တပ်မတော်ရဲ့ နယ်မြေ ရှင်းလင်းမှု အတွင်း လူ့အခွင့် အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေ အပေါ် စုံစမ်းစစ်ဆေးဖို့ တပ်မတော်က စစ်ဆေးရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်တဲ့ အဖွဲ့ကို ဖွဲ့စည်းလိုက် ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့် စခန်းတွေ တိုက်ခိုက်ခံရမှု ဖြစ်ခဲ့အပြီး လေးလ အကြာမှာမှ တပ်မတော် အရာရှိကြီး ငါးယောက် ပါဝင်တဲ့ စုံစမ်းရေး အဖွဲ့ကို တပ်မတော် ဘက်က ဖွဲ့စည်း လိုက်တာဖြစ်ပါတယ်။

ဥပဒေနဲ့ မညီညွတ်တဲ့ ပြုမူခဲ့မှုတွေ တွေ့ရှိခဲ့ရင် အရေးယူသွားမယ်လို့လည်း တပ်မတော် သတင်းမှန် ထုတ်ပြန်ရေးအဖွဲ့ရဲ့ ဖေဖော်ဝါရီ ၉ ရက် ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီလို ဖွဲ့စည်းတာဟာ စွပ်စွဲမှုတွေနဲ့ ပတ်သက်လို့ အခြေအနေမှန်ကို သိရအောင် အလေးအနက် ထားလာတယ်ဆိုတဲ့ သဘော သက်ရောက်တယ်လို့ ရခိုင်အရေး စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင် ဦးအောင်ကြည်က ပြောပါတယ်။

နိုင်ငံတော် အတွက် လိုအပ်ချက်ကို တပ်မတော်က ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးတယ် ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်တယ် လို့လည်း သူက ပြောပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ ပြောဆိုနေတဲ့ သတင်းတွေက အမှန်တရား ကနေ ဝေးကွာ သွားနိုင်တဲ့ သဘော ဖြစ်နိုင်ပြီး မှန်ကန်နိုင်ရဲ့လား၊ ယုတ္တိ တန်ရဲ့လား ဆိုတာ လည်း သံသယ ရှိတယ်လို့ ဦးအောင်ကြည်က ပြောပါတယ်။

ဒုတိယ သမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ စုံစမ်းရေး အဖွဲ့ဟာ မျှမျှတတ မှန်မှန်ကန်ကန် ထုတ်ဖော် ပြောပါ့မလား ဆိုတာ အပြည့်အဝ ယုံကြည်လို့ မရကြောင်း ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ပါရှိတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဘီဘီစီက မေးရာမှာတော့ သူတို့အနေနဲ့က လူ့အသိုက်အဝန်းနှစ်ခုကို သဟဇာတ ပြန်ဖြစ်စေဖို့ ရည်ရွယ်ချက် မျိုးနဲ့ ချဉ်းကပ် ဆောင်ရွက်တာ ဖြစ်လို့ အခြေအနေမှန် အတိုင်း ထုတ်ဖော်ပြောဆိုမှာ ဖြစ်တယ်လို့ ဦးအောင်ကြည်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ