အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ခွင့်မရတာအပေါ် မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ ဝေဖန်

  • 10 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ရခိုင်နဲ့ ချင်းပြည်နယ်မှာ လုပ်ခွင့်မရ

အမျိုးသားအဆင့် ဆွေးနွေးပွဲတွေ မကျင်းပသေးပဲ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် ညီလာခံကို တက်ရောက်ဖို့ စေ့ဆော်နေတာဟာ မဖြစ်သင့်ကြောင်း ဝေဖန်နေကြတဲ့ အပစ်အခတ် ရပ်စဲထားပြီးသား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့ ရဲ့ သဘောထားအပေါ် ထောက်ခံတဲ့အကြောင်း မွန်ပြည်သစ်ပါတီရဲ့ ဒုဥက္ကဋ္ဌ နိုင်ဟံသာက ပြောကြားလိုက်ပါတယ်။

အပစ်အခတ် ရပ်စဲထားတဲ့ ချင်းအမျိုးသား ဒီမိုကရက်တစ် တပ်ဦး CNF နဲ့ ရခိုင် လွတ်မြောက်ရေးပါတီ ALP တို့က သူတို့နဲ့ သက်ဆိုင်ရာ ပြည်နယ်တွေမှာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ အစိုးရ က လုပ်ခွင့်မပေးတဲ့ အတွက် မကျေမနပ် ဖြစ်နေကြပါတယ်။

အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲမှာ ဒေသခံ တိုင်းရင်းသားတွေ အကြား သူတို့အမြင်ကို ဖလှယ်နိုင်ပြီး အဲဒီက ရရှိချက်တွေကို ပင်လုံညီလာခံကို တင်ပြမှသာ အကျိုးဖြစ်ထွန်းမှာ ဖြစ်တယ်လို့ အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် NCA ကိုလက်မှတ် မထိုးထားသေးတဲ့ မွန်ပြည်သစ်ပါတီ ကဒုဥက္ကဋ္ဌ နိုင်ဟံသာ က ထောက်ပြပါတယ်။

အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ်ထိုးပြီးသား သူတွေတောင် အခုလို အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ တွေ လုပ်ခွင့်မရတာ ကို သူအံ့သြမိတဲ့အကြောင်းလည်း ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ