အမေရိကန် မြန်မာ လေကြောင်းလိုင်းတွေ တိုက်ရိုက်ပျံသန်းဖို့ စီစဉ်နေ

  • 10 ဖေဖော်ဝါရီ 2017
Image caption လက်ရှိလေဆိပ်တွေမှာ နိုင်ငံခြား လေကြောင်းလိုင်းတွေကို လက်ခံဝန်ဆောင်မှု ပေးနိုင်တဲ့ အနေအထားရှိနေ

အမေရိကန်နဲ့ မြန်မာနိုင်ငံအကြား လေကြောင်းလိုင်းတွေ တိုက်ရိုက် ပျံသန်းနိုင်ဖို့အတွက် ၁၉၄၉ခုနှစ်က လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့တဲ့ သဘောတူချက်တခုကို ပြန်လည် ပြင်ဆင်ရေးဆွဲဖို့ နှစ်ဘက် ညှိနှိုင်း ဆွေးနွေးနေပါတယ်။

အဲဒီ သဘောတူညီချက်ဟာ နှစ်ကြာမြင့်သွားပြီ ဖြစ်သလို လေကြောင်း ပျံသန်းမှု ဆိုင်ရာမှာလည်း ဖွံ့ဖြိုးမှုတွေ ရှိလာပြီ ဖြစ်တဲ့အတွက် ခေတ်နဲ့ လျော်ညီတဲ့ လေကြောင်း သဘောတူစာချုပ်တခု ရှိဖို့ လိုအပ်လာတာကြောင့် အခုလို ပြင်ဆင်ရေးဆွဲတာ ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေဝင်းက ဘီဘီစီကို ပြောပါတယ်။

ဒီသဘောတူချက်ကို ပြင်ဆင်ရေးဆွဲဖို့ ၂၀၁၄ခုနှစ်ကစလို့ အမေရိကန်တို့ဘက်က ကမ်းလှမ်းလာတာ ဖြစ်ပြီး သူတို့ရဲ့ အဆိုပြုချက်တွေကို ကနဦး အမြင်သဘောထား ဖလှယ်မှုတွေ လုပ်နေကြောင်းနဲ့ ဒါပြီးရင်တော့ စာချုပ်ပါ စာသားပေါ်မှာ အသေးစိတ် ညှိနှိုင်းသွားဖို့ ရှိပြီး အခုနှစ်ကုန်လောက်မှာ စာချုပ်မူကြမ်းကို အပြီးသတ်နိုင်မယ်လို့ မျှော်လင့်ကြောင်း သူက ပြောပါတယ်။

ဒီသဘောတူချက် အတည်ဖြစ်သွားရင်တော့ နှစ်နိုင်ငံအကြား အမေရိကန်နဲ့ မြန်မာ လေကြောင်းလိုင်းတွေ တိုက်ရိုက် ခရီးစဉ် စတင်နိုင်တော့မှာ ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ လေဆိပ်၃ခုမှာ နိုင်ငံခြား လေကြောင်းလိုင်းတွေကို လက်ခံ ဝန်ဆောင်မှု ပေးနိုင်တဲ့ အနေအထားရှိနေပြီး အခြေခံ အဆောက်အအုံ ပိုမို ကောင်းမွန် တိုးတက်လာအောင် ဆောင်ရွက်နေတယ်လို့ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေဝင်းက ပြောပါတယ်။