ပြည်ထောင်စုနေ့ အတွက် ဒေါ်အောင်ဆန်းစုကြည် ပင်လုံ ရောက်မယ်

  • 11 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ပင်လုံမြို့ လုံခြုံရေးကိုတော့ အထူး တင်းကျပ်ထားတာ တွေ့ရပြီး တပ်မတော်၊ ရဲတပ်ဖွဲ့ နဲ့ ဒေသခံလူငယ်တွေက ပူးပေါင်းဆောင်ရွက်နေ

ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်မယ့် နှစ် ၇၀ မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်နဲ့ ပြုလုပ်မယ့် ပင်လုံ ငြိမ်းချမ်းရေး စကားဝိုင်းနဲ့ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်က ရှမ်းပြည်နယ် တောင်ပိုင်းမှာ ရှိတဲ့ ပင်လုံမြို့ကို သွားရောက်မှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ တောင်ကြီးကို ရောက်ရှိလာပြီး ပြည်ထောင်စုနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ တပ်မတော် ရဟတ်ယဉ်နဲ့ ပင်လုံကို လာရောက်မှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လာမှာကို ဒေသခံတွေက ဝမ်းသာကြပြီး သူတို့ ဒေသမှာ အရင်ကလို တိုက်ပွဲတွေ မဖြစ်တော့ပေမယ့် လက်နက်ကိုင်အဖွဲ့တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဆက်ဆံရေး ကောင်းမွန် စေချင်သလို ဒေသတွင်း ပညာရေး စနစ် ကောင်းလာစေချင်တယ်လို့ ပင်လုံ ကျောက်တိုင်ကို လာရောက် လေ့လာတဲ့ ဒေသခံလူငယ်တွေက သူတို့ အမြင်တွေကို ဘီဘီစီ သတင်းထောက်ကို ပြောခဲ့ပါတယ်။

ပင်လုံ ငြိမ်းချမ်းရေး စကားဝိုင်းကို ပင်လုံ ကျောက်တိုင်ဝင်းထဲက ဗိုလ်ချုပ်စာဖတ်တဲ့ ညောင်ပင်အောက်မှာ ပြုလုပ်မှာ ဖြစ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ထဲထဲဝင်ဝင် လုပ်ကိုင်နေတဲ့ ဒေသအသီးသီးက တိုင်းရင်းသား လူငယ်တွေလည်း ပါဝင်မှာ ဖြစ်တယ်လို့ ပွဲစီစဉ်သူတဦး ဖြစ်တဲ့ ဦးနေဇော်နိုင်က ဘီဘီစီကို ပြောပါတယ်။

ပင်လုံမြို့က ပြည်ထောင်စုနေ့ အခမ်းအနားကို ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့ ခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေလည်း တက်ရောက်မှာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်မယ့် နိုင်ငံတော် အခမ်းအနားဖြစ်တဲ့အတွက် ထူးထူးခြားခြား စည်ကားမယ်လို့ ဦးနေဇော်နိုင်က ပြောပါတယ်။

ပင်လုံမြို့ လုံခြုံရေးကိုတော့ အထူး တင်းကျပ်ထားတာ တွေ့ရပြီး တပ်မတော်၊ ရဲတပ်ဖွဲ ့နဲ ့ဒေသခံလူငယ်တွေက ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ။

ဒီသတင်းနဲ့ပတ်သက်သမျှ