ပင်လုံမှာ လက်မှတ်ထိုး ခဲ့သူတွေရဲ့ မိသားစုတွေ တွေ့ဆုံမယ်

  • 11 ဖေဖော်ဝါရီ 2017
Image caption ၁၉၄၆ ခုနှစ်မှာ ရှမ်းပြည်နယ် က စော်ဘွားတွေရဲ့ ပထမဦးဆုံး ညီလာခံ ကို ကျင်းပ ခဲ့

နှစ်၇၀ မြောက် ပြည်ထောင်စုနေ့ ဖြစ်ပြီး တောင်တန်း နဲ့ ပြည်မ ပူးပေါင်းရေး စာချုပ် ချုပ်ဆို ခဲ့ရာ ရှမ်းပြည်နယ် တောင်ပိုင်း က ပင်လုံ မြို့က အခမ်းအနား ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ ဖြစ်ပါတယ်။

ပင်လုံမြို့က ရှမ်းပြည် တောင်ပိုင်း၊ မြောက်ပိုင်း နဲ့ အရှေ့ပိုင်းတို့ ဆုံရာ အရပ် အလယ်လောက်မှာ တည်ရှိပြီး ဒါကြောင့် ပင်လုံ စာချုပ် ချုပ်ဖို့ ရွေးချယ် ခဲ့တာ ဖြစ်ပါတယ်။

၁၉၄၆ ခုနှစ်မှာ ရှမ်းပြည်နယ် က စော်ဘွားတွေရဲ့ ပထမဦးဆုံး ညီလာခံ ကို ကျင်းပ ခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီ အချိန်တုန်း က ပြည်နယ် ပြည်မ ပူးပေါင်းပြီး လွတ်လပ်ရေး ရယူမလား ဆိုတာကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

နောက်တစ်နှစ် မှာတော့ ဒုတိယ အကြိမ် ညီလာခံကို ကျင်းပ ခဲ့ပြီးမှ ပင်လုံစာချုပ် မှာ စုပေါင်း လက်မှတ်ရေးထိုး ခဲ့ကြတာ ဖြစ်ပါတယ်။

အကယ်၍ ပင်လုံစာချုပ်မှာ လက်မှတ်မရေးထိုးဖြစ်ခဲ့ဘူး ဆိုရင် ရှမ်းပြည်နယ် က အင်္ဂလိပ် အုပ်ချုပ်မှု အောက်မှာပဲ ကျန်ရှိနေမှာ ဖြစ်တယ်လို့ စာချုပ်မှာ လက်မှတ် ရေးထိုး ခဲ့သူ ဦးခွန်ထီး ရဲ့ သားဖြစ်သူ စိုင်းခမ်းပန် က ပြောပါတယ်။

ပင်လုံ စာချုပ်မှာ ပါဝင် လက်မှတ်ရေးထိုး ခဲ့ကြသူတွေရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေ နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံ ကြမှာ ဖြစ်ပြီး အဲဒီမှာ ငြိမ်းချမ်းရေး စကားဝိုင်းကိုလည်း ကျင်းပမှာ ဖြစ် ပါတယ်။

ပင်လုံစာချုပ် မှာပါရှိတဲ့ သဘောတူညီချက်တွေကိုတော့ လက်ရှိအချိန်အထိ အကောင် အထည် မဖော် နိုင်သေးဘူးလို့ ပင်လုံမြို့မှာ နေထိုင် နေတဲ့ စိုင်းခမ်းပန် က ဘီဘီစီကို ပြောကြားခဲ့ပါတယ်။

ပင်လုံမှာ ပါဝင်လက်မှတ်ရေးထိုး ခဲ့ကြတဲ့ ရှမ်း ကိုယ်စားလှယ် အတော်များများ ဟာ နိုင်ငံရေး အပြောင်းအလဲမှာ ဖမ်းဆီး ခံခဲ့ ရပြီး ၁၉၆၂ မှာ စစ်တပ်က အာဏာ သိမ်းတဲ့ အချိန်မှာ ရှမ်းပြည် ကိုယ်စားလှယ်တွေ နဲ့ စော်ဘွားတွေ ဟာ ဖမ်းဆီး ခံခဲ့ရပါတယ်။

ပင်လုံစာချုပ်မှာ ပါဝင် လက်မှတ်ရေးထိုး ခဲ့တဲ့ ရှမ်းလူထု ကိုယ်စားလှယ် တစ်ဦး ဖြစ်တဲ့ ဦးခွန်ထီးဟာလည်း ဖမ်းဆီး ခံခဲ့ရပြီး ထောင်ထဲမှာ ငါးနှစ်ကျော် နေခဲ့ရပါတယ်။

ဖက်ဒရယ်မူ ဆိုတာ က ခွဲထွက်ရေး မူ ဆိုတဲ့ မျက်မှန်စိမ်း တပ်ပြီးမှ ရှမ်းပြည် ကိုယ်စားလှယ်တွေ အားလုံးကို ဖမ်းဆီးခဲ့တာ ဖြစ်ကြောင်း စိုင်းခမ်းပန် က ပြန်ပြောင်း ပြောပြပါတယ်။

၁၉၄၇ ပင်လုံ ကို အမှီပြုပြီး ဖြစ်လာတဲ့ ပြဿနာ တွေကို အခု ၂၁ ရာစု ပင်လုံ ညီလာခံမှာ ဆက်လက် ဆွေးနွေးနေဆဲ ဖြစ်ပြီး တိုင်းရင်းသားတွေက ပင်လုံ ညီလာခံ မှုကို အခြေခံ တောင်းဆိုနေတာ လို့ သူက ဆိုပါတယ်။ ဒါပေမယ့် လက်ခံ တဲ့သူက မြန်မြန် လက်ခံမလား ဒါမှမဟုတ် သူတို့ အချိန်ဆွဲ သလောက် ကြာမယ့် သဘော ရှိကြောင်း စိုင်းခမ်းပန် က ပြောကြား သွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ