ABSDF မြောက်ပိုင်းလူသတ်မှု ၂၅ နှစ်ပြည့်

  • 12 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် Naung Kyaw
Image caption အခမ်းအနား တက်ရောက်လာသူတွေ

၁၉၉၂ ခုနှစ်က လက်နက်ကိုင် တော်လှန်ရေး အတွက် တောခိုခဲ့တဲ့ ကျောင်းသား ၃၀ ကျော်ကို မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်နယ် ပါဂျောင် ဒေသမှာ အချင်းချင်း သတ်ဖြတ်ခဲ့တဲ့ ကိစ္စ ၂၅နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို မန္တလေး မှာ လုပ်ခဲ့ ပါတယ်။

ပါဂျောင် ဒေသမှာ ကျဆုံးသွားတဲ့ ကျောင်းသား ရဲဘော်တွေရဲ့ ဂုဏ်သိက္ခာနဲ့ အမှန်တရား အတွက် ဒီဖြစ်စဉ်မှာ ကိုယ်တိုင်ကြုံခဲ့သူတွေ၊ နိုင်ငံရေး လုပ်ဖော် ကိုင်ဖက် တွေနဲ့ မိသားစုဝင်တွေ စုစုပေါင်း ၁၀၀ကျော်က မန္တလေး ပြည်ကြီးတံခွန် မြို့နယ် မြဝတီမင်းကြီးကျောင်းတိုက် သူရဲကောင်းရင်ပြင်မှာ အောက်မေ့ဖွယ် အခမ်းအနား လုပ်ခဲ့တာပါ။

ဒီပွဲလုပ်ရတာ အောက်မေ့ဖွယ် သက်သက်မဟုတ်ပဲ မြန်မာပြည် ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ နိုင်ငံရေး သမိုင်း အတွက် လုပ်ရတာ ဖြစ်ကြောင်း မြောက်ပိုင်း ကျောင်းသား လူသတ်ပွဲမှာ လွတ်မြောက်ခဲ့တဲ့ ကိုညီဂျော် ပြောပါတယ်။

ကျောင်းသား အချင်းချင်း ထောက်လှမ်းရေးလို့ စွပ်စွဲပြီး သတ်ပစ် တဲ့အထိ ရက်စက် ခဲ့တာတွေကို ကျူးလွန်သူတွေအနေနဲ့ အမှန်တရားကိုဝန်ခံဖို့ လိုအပ်ကြောင်း ပွဲကို တက်ရောက်လာတဲ့ ၈၈မျိုးဆက်ပွင့်လင်း လူ့အဖွဲ့အစည်း က ကိုမြအေး ကလည်း ပြောခဲ့ ပါတယ်။

မြောက်ပိုင်းမှာ အသတ်ခံခဲ့ ရတဲ့ သူတွေရဲ့ မိသားစုဝင်တွေ တချို့ကတော့ လူသတ်မှု ကျူးလွန်သူ တွေကို တရားဥပဒေအရ အရေးယူချင်ပေမယ့် လတ်တ လော နိုင်ငံရေး အခြေအနေအရ သေဆုံးသူတွေဟာ ထောက်လှမ်းရေး မဟုတ်ဘဲ မှားယွင်း သတ်မိပါတယ်လို့ ဝန်ခံရင် သမိုင်း သင်ခန်းစာ တခုအနေနဲ့ နားလည်မှု ပေးနိုင်ကြောင်း ပြောဆိုနေ ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ