ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုစတင်စစ်ဆေး

  • 14 ဖေဖော်ဝါရီ 2017
Image caption ရှေ့နေဦးကိုနီ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေးနဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံ သတ်ဖြတ်ခံရမှုမှာ သေနတ်သမား ကြည်လင်းနဲ့ ဆက်စပ်တရားခံ အောင်ဝင်းဇော်တို့ကို လူသတ်မှု လက်နက်ကိုင်ဆောင်မှု ၂ခုနဲ့ မင်္ဂလာဒုံ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ သူတို့ ၂ ဦး ကို မင်္ဂလာဒုံတရားရုံးမှာ ထပ်ချုပ်ဖို့ ရမန်ယူထားပါတယ်။

ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရတာ ၂ပတ်ကျော် ကြာနေပြီ ဖြစ်ပေမယ့် အာဏာပိုင်တွေက တိကျတဲသတင်းထုတ်ပြန်မှုတွေ မလုပ်ပါဘူး။ လုပ်ကြံမှုအပြီး ၅ရက်လောက်မှာ လူ၂ဦး ဖမ်းဆီး စစ်ဆေးနေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်မှု နောက်ပိုင်း အာဏာပိုင်တွေဘက်က သတင်းထုတ်ပြန်မှုတွေထပ်မလုပ်ပါဘူး။

မီဒီယာတွေဘက်က မေးမြန်းမှုတွေကို လည်း အာဏာပိုင်တွေဘက်က တိတိကျကျ ဖြေကြားတာမရှိပါဘူး။ မြန်မာစာနယ်ဇင်း အဖွဲ့ဝင် ဦးမြင့်ကျော်ကတော့ အမှုနဲ့ပတ်သက်လို့ တွေ့ရှိချက်ကို မီဒီယာကတဆင့် ပြည်သူကို ပြောသင့်တယ်လို့ ဆိုပါတယ်။

အခုအခါ အမှုမှာ တရားခံ၂ ဦး ဖမ်းမိထားပြီး နောက်ထပ် ဆက်စပ်တရားခံတွေကို ဖမ်းမိတာမရှိသေးဘူးလို့ ရဲတပ်ဖွဲ့မှ အဆင့်မြင့်အရာရှိကြီးတဦး က ဘီဘီစီကိုပြောပါတယ်။ ဖမ်းမိသူ ၂ ဦး ကို အင်းစိန်အကျဉ်းထောင်မှာ ထိန်းသိမ်းထားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထိပ်ပိုင်းအဆင့်ရှိသူတွေနဲ့ ဖွဲထားတဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့နဲ့ စစ်ဆေးနေပါတယ်။

ဒီအမှုမှာ သတင်းလုံခြုံမှုကို အဓိကထား လုပ်နေရတာဖြစ်တဲ့အတွက် အမှုကွင်းဆက်တွေ အပြင်မှာ ပေါက်ကြားမှာ စိုးရိမ်လို့ အချက်အလက် မထုတ်ပြန်တာလို့ ပြောပါတယ်။ ဒါပေမယ့် အစိုးရအနေနဲ့ လုံလောက်တဲ့ ထုတ်ပြန်ချက်တွေ လုပ်ပေးဖို့ လူအများကလိုလားနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ