ဗိုလ်ချုပ်မွေးနေ့မှာ ဗိုလ်ချုပ် ရုပ်တုတွေ စိုက်ထူ

  • 13 ဖေဖော်ဝါရီ 2017
Image caption ဗိုလ်ချုပ်ကြေးရုပ် ဖွင့်လှစ်

ဖေဖေါ်ဝါရီလ ၁၃ရက်နေ့မှာ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၂ နှစ်ပြည့် မွေးနေ့မှာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုမရှိသေးတဲ့ တိုင်းနဲ့ပြည်နယ် အတော်များများက မြို့ကြီးတွေမှာ ဗိုလ်ချုပ်အောင်ဆန်း ပုံတူရုပ်ထုကို ကြေး ၊ အင်္ဂတေ ၊ စကျင်ကျောက် စသည်ဖြင့် အမျိုးမျိုး ထုလုပ်ပြီး စိုက်ထူခဲ့ကြပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာတော့ ကချင် နိုင်ငံရေးပါတီ ၄ခု ပေါင်းထားတဲ့ ကချင် နိုင်ငံရေးပါတီများ ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ KPPC က ကချင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ NLD ပါတီဗဟို အထိ ကန့်ကွက်တဲ့ကြားက ဗိုလ်ချုပ် အောင်ဆန်း ပုံတူ ရုပ်တုကို ဖွင့်လှစ်ခဲ့ပါတယ်။

ကန့်ကွက်ခဲ့တဲ့ နိုင်ငံရေးပါတီထဲမှာ ပါတဲ့ ကချင်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌလည်း ဖြစ်၊ ကချင် နိုင်ငံရေးပါတီများ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ KPPC ရဲ့ သဘာပတိလည်းဖြစ်တဲ့ ဦးဂွန်ဂရောင်အောင်ခမ်း က ခုလက်ရှိ အခြေအနေမှာ ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ဖြစ်နေကြောင်း၊ အရေးကြီးတဲ့ လုပ်ငန်းတွေ လုပ်ရမယ့် အခြေအနေမျိုးမှာ ဒီ ရုပ်တုကို မဖြစ်မနေ စိုက်ထူမယ့်အစား ငြိမ်းချမ်းရေး ရဖို့ ဘယ်လို လုပ်မလဲ ဆိုတာကို ဦးစားပေးသင့်ကြောင်း ဘီဘီစီကို ပြောပါတယ်။

မြစ်ကြီးနားမြို့က ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ဦးကျော်ကျော်ဦးကတော့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် စိုက်ထူဖို့ အရင်အစိုးရ လက်ထက် ကတည်းက တောင်းဆိုခဲ့တာ ဖြစ်ပြီး ဗိုလ်ချုပ်မွေးနေ့ နှစ်၁၀၀ ပြည့်အမီ စိုက်ထူဖို့ လုပ်ခဲ့ပေမယ့် မတူဘူး၊ တူတယ် ဆိုတဲ့ ဝိဝါဒ ကွဲပြားမှုတွေကြောင့် အခု ဒီနှစ်မှာမှ မဖြစ်မနေ စိုက်ထူရတာ ဖြစ်ကြောင်း ရှင်းပြပါတယ်။

အလားတူပဲ မွန်ပြည်နယ် မုဒုံမြို့က ကန်သာယာ ပန်းခြံမှာထားမယ့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုကို မူလ ရှိပြီးသား အာဇာနည် ကျောက်တိုင်နားမှာ ထားဖို့ မွန်အရပ်ဘက် အဖွဲ့အစည်းတချို့က ကန့်ကွက်ခဲ့ပေမယ့် ကန်သာယာ ပန်းခြံမှာပဲ ဖွင့်ပွဲ လုပ်ခဲ့တယ်လို့သိရပါတယ်။

မွန်ပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တု အသစ် ဖွင့်ပွဲ လုပ်သလိုပဲ ကချင်ပြည်နယ် ဗန်းမော်၊ ရှမ်းပြည်နယ် လားရှိုး၊ နေပြည်တော် လယ်ဝေး၊ စစ်ကိုင်းတိုင်း ကလေး၊ မန္တလေးတိုင်း ငါန်းဇွန်မြို့တွေမှာလည်း လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ