ကုလရဲ့ ရခိုင် စွပ်စွဲချက် မမှန်ကန် လို့ စစ်ဆေးရေး အဖွဲ့ဝင် ပြော

  • 13 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption မောင်တော ခရိုင် အတွင်းမှာ တည်ငြိမ်လာပြီလို့ ပြည်နယ် အစိုးရပြော

ရခိုင်ပြည်နယ် မောင်တော ဒေသမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ နယ်မြေ ရှင်းလင်း မှုတွေ လုပ်ရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ် ဆိုတဲ့ ကုလသမဂ္ဂ အစီရင်ခံစာပါ စွပ်စွဲ ချက်တွေ နဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၀ ရက်နေ့က စလို့ မောင်တော စုံစမ်း စစ်ဆေးရေး ကော်မရှင် က ကွင်းဆင်း စစ်ဆေးနေပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး ရုံးရဲ့အစီရင်ခံစာထဲမှာ စွပ်စွဲ ခဲ့တဲ့ ကိစ္စတွေဟာ အတည်ပြုထားတာ မရှိဘဲ ကောက်ချက်ချ ခဲ့တာတွေ ဖြစ်တယ်လို့ စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင် ဦးဇော်မြင့်ဖေ က ပြောပါတယ်။

ကုလသမဂ္ဂ ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိတဲ့ လူသားတွေ အပေါ်မှာ ရာဇဝတ်မှုတွေ ကျူးလွန် နေတယ် စွပ်စွဲမှုတွေ ကလည်း မမှန်ကန်ဘူးလို့ ဦးဇော်မြင့်ဖေ က ငြင်းဆို ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ရက်တွေတုန်း က ဘင်္ဂါလီတွေကို လုံခြုံရေး တပ်ဖွဲ့တွေက ရိုက်နှက် နေတဲ့ ဗီဒီယို မှတ်တမ်းတွေ ထွက်ပေါ်လာ တာနဲ့ ပတ်သက်ပြီး အဲဒီလိုမျိုး အဖြစ်အပျက် တွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတာမျိုး မဟုတ်ဘဲ စစ်ဆင်ရေး အသွင် နဲ့ ဖြတ်လေးဖြတ် လုပ်တာမျိုးလည်း မရှိဘူးလို့ သူက ငြင်းဆို ပါတယ်။

လုံခြုံရေး တပ်ဖွဲ့တွေရဲ့ ရိုက်နှက်ခြင်း ကို ခံခဲ့ရတဲ့ ရွာသားတွေ နဲ့လည်း တွေ့ဆုံ ခဲ့ပြီး စစ်ဆင်ရေး အတွင်းမှာ လူတွေကို မီးလောင် တိုက်သွင်းတယ်ဆိုတဲ့ စွပ်စွဲချက် တွေကလည်း မမှန်ကန်ဘူးလို့ ပြောပါတယ်။

ဒါ့အပြင် သွားရောက် စစ်ဆေး ခဲ့တဲ့ ရွာတွေ မှာ သက်ကြီးရွယ်အိုတွေပဲ ကျန်တော့ တယ် ဆိုတဲ့ ကိစ္စ ကလည်း မဟုတ်ဘူးလို့ ဦးဇော်မြင့်ဖေ က ပြောခဲ့ပြီး လူလတ်ပိုင်း ရွာသားတွေ နဲ့လည်း တွေ့ဆုံ ခဲ့တယ်လို့ သူက ပြောပါတယ်။

စွပ်စွဲချက်တွေ မဟုတ်ဘူး ဆိုတဲ့ ကိစ္စကို သက်သေ အထောက်အထား နဲ့ တကွ တွေ့ရှိချက် အစစ်အမှန် တွေကို မောင်တော စုံစမ်း စစ်ဆေးရေး ကော်မရှင် က ထုတ်ပြန် သွားမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ရဲ့ စွပ်စွဲချက် အစီရင်ခံစာ က ပြည့်စုံမှု မရှိတဲ့ အပြင် စွပ်စွဲချက်တွေကို မှန်ကန်ကြောင်း အတည်ပြု ပြီးမှ ကောက်ချတာ မျိုး မဟုတ်ဘူးလို့ ဦးဇော်မြင့်ဖေ က ပြောပါတယ်။

မောင်တော ဒေသမှာ လုံခြုံရေး တပ်ဖွဲ့တွေက လူသားတွေ အပေါ်မှာ ရာဇဝတ်မှုတွေ ကျူးလွန် နေတယ် ပြီးတော့ လူမျိုးတုန်း သတ်ဖြတ် နေတယ် ဆိုတဲ့ ကိစ္စတွေ ကတော့ လုံးဝ မဟုတ်မှန် ဘူးလို့ ငြင်းဆို ထားပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ် ဆိုတဲ့ ကြက်ရိုးပြင်၊ ဓါးကြီးစား၊ ရေထုံးကုန်း နဲ့ ကျားခေါင်းတောင် ဒေသတွေမှာ သွားရောက် စစ်ဆေး ခဲ့တာ ဖြစ် ပြီး စစ်ဆေးမှု ပြီးဆုံး သလောက် ဖြစ်နေပြီလို့လည်း သူက ပြောကြား ခဲ့ပါတယ်။

မောင်တော ဒေသမှာ နယ်ခြားစောင့် ရဲစခန်းတွေ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရ အပြီး တပ်မတော်ရဲ့ နယ်မြေ ရှင်းလင်းမှု အတွင်း လူ့အခွင့် အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေ အပေါ် စုံစမ်းစစ်ဆေးဖို့ စစ်ဆေးရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်တဲ့ အဖွဲ့ကို တပ်မတော်က ဖွဲ့စည်းထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ