မစ္စတာ Flynn ရုရှားနဲ့ ဆက်သွယ်တဲ့ ကိစ္စ သမ္မတ ထရမ့်သိထား

  • 15 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ရုရှားသံအမတ်နဲ့ ဖုန်းပြောတဲ့ကိစ္မ မစ္စတာ Flynn အမှန်တိုင်း မဖြေခဲ့

မစ္စတာ Flynn ဟာ အမေရိကန်နိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီးနဲ့ ဖုန်းပြောခဲ့စဉ်တုန်းက ပြောခဲ့တဲ့ အရေးပါတဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ဖေါ်မပြောခဲ့တာကြောင့် သူ့အပေါ် သမ္မတ ထရမ့်အနေနဲ့ အယုံအကြည် ကင်းမဲ့သွားပြီလို့ အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

အဲဒီအသေးစိတ် အချက်အလက်တွေကို ပြန်ပြောဖို့ မေ့နေတာ ဖြစ်ရင်ဖြစ် ဒါမှမဟုတ်ရင်တော့ မပြောပဲ ထိန်ချန်ထားတာ ဖြစ်မယ်လို့ ဆိုပါတယ်။

မစ္စတာ Flynn ရဲ့ လုပ်ရပ်တွေဟာ ဥပဒေ ချိုးဖောက်တာမျိုး မဟုတ်ပေမယ့် တဦးနဲ့ တဦး ယုံကြည်မှုနဲ့ ဆိုင်နေတယ်လို့ သူက ပြောပါတယ်။

ရုရှား အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ်ပြောဆိုမှုတွေ ရှိခဲ့သလား ဆိုတာကို မစ္စတာ Flynn ကို အကြိမ်ကြိမ် အခါခါ မေးခွန်းထုတ်ခဲ့ပေမယ့် အမှန်အတိုင်း မဖြေခဲ့တဲ့အတွက် ဒုတိယ သမ္မတ Mike Pence အနေနဲ့ ရုပ်မြင်သံကြားပေါ်ကနေ အမေရိကန် ပြည်သူတွေကို လှည့်ဖျား ပြောသလို အဖြစ်မျိုး ရောက်ခဲ့ရတယ်လို့ ဆိုပါတယ်။

အမေရိကန် နဲ့ ရုရှား အကြားမှာ ဘာအဆက်အသွယ်မှ မရှိခဲ့ပါဘူးလို့ လူထုကို ထုတ်ဖော် ပြောခဲ့တာတွေဟာ တယ်လီဖုန်း ကြားဖြတ် နားထောင်မှုကနေ ထွက်ပေါ်လာတဲ့ အချက်အလက်တွေနဲ့ ကွဲလွဲနေတယ် ဆိုပြီး အမေရိကန် တရားရေးဌာနက အိမ်ဖြူတော်ကို ပြီးခဲ့တဲ့လက သတိပေးခဲ့ပါတယ်။

ရုရှား အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ ဖုန်းစကားပြောခဲ့တာနဲ့ ပတ်သက်လို့ မစ္စတာ Flynn ထိန်ချန်ပြောခဲ့တယ် ဆိုတာကို သမ္မတ ထရမ့်က သီတင်းပတ် အတော်ကြာကတည်းက သိထားခဲ့တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောပါတယ်။

အခု မစ္စတာ Flynnရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ရော၊ ဒီကိစ္စကို သမ္မတ ထရမ့်ရဲ့ အစိုးရက သိနေခဲ့တာနဲ့ ပတ်သက်လို့ပါ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု တခုလုပ်ဖို့ ဆီးနိတ် လွှတ်တော် က ဒီမိုကရက်တစ် အမတ် Charles Schumer က တောင်းဆိုလိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ