ရှေ့နေဦးကိုနီ သတ်သူကို သမ္မတရုံးထုတ်ပြန်

  • 15 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် NYEIN CHAN NAING
Image caption NLD ဥပဒေ အကြံပေး ဦးကိုနီ သတ်ခံရမှု နိုင်ငံတဝှမ်း ရိုက်ခတ်

ရှေ့နေ ဦးကိုနီကို ဒုတိယ ဗိုလ်မှူးကြီးဟောင်း ဦးအောင်ဝင်းခိုင် ဆိုသူက ငွေကျပ် သိန်း ၁၀၀၀ ပေးပြီး သတ်ခိုင်း ခဲ့တာ ဖြစ်တယ်လို့ သိလာရပါတယ်။

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ ဥပဒေ အကြံပေး ရှေ့နေ ဦးကိုနီ ကို သတ်ဖြတ်ခဲ့တဲ့ ဦးကြည်လင်းနဲ့အတူ ပူးပေါင်းပြစ်မှု ကျူးလွန်ခဲ့သူ ဦးအောင်ဝင်းဇော်ကို စစ်ဆေး ခဲ့မှုအရ နဲ့ သူ့ညီ ဦးအောင်ဝင်းခိုင် က စေခိုင်း ခဲ့တာလို့ ထွက်ဆိုခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးရဲ့ နောက်ဆက်တွဲ သတင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

၂၀၁၆ ဇူလိုင်လက ဦးအောင်ဝင်းခိုင်က ကျပ်ငွေ သိန်း တစ်ထောင် ပေးပြီး ကမ်းလှမ်း ခဲ့ချက် အရ ဦးအောင်ဝင်းဇော်က လူရှာခဲ့ ရာမှာ ပထမ ဦးအောင်စိုးကို ကမ်းလှမ်းခဲ့ပြီး စက်တင်ဘာလ ကျမှ ဦးကြည်လင်းကို စေခိုင်း ခဲ့တာလို့ ဆိုပါတယ်။

ဦးအောင်ဝင်းဇော်က ကရင်ပြည်နယ် ဘားအံ မြို့နယ်ဘက်ကို သွားပြီး လက်နက် ဝယ်ယူခဲ့တယ်လို့ ပြောခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

ဦးအောင်ဝင်းဇော်ကို သူ့ညီ ဦးအောင်ဝင်းခိုင်က ဦးကိုနီ ပြန်ရောက်မယ့် အချိန်ကို တယ်လီဖုန်းနဲ့ ဆက်သွယ် အကြောင်းကြားပြီး အဆင်သင့် ပြင်ထားဖို့ ပြောခဲ့ ပြီးနောက် မက်ဆေ့ချ် အပြန်အလှန် ပေးပို့ ဆက်သွယ်ပြီးမှ ဦးကြည်လင်းကို စေခိုင်းခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘီဘီစီက စုံစမ်းသိရှိရ သလောက် ဦးအောင်ဝင်းခိုင်က စစ်တက္ကသိုလ် အပတ်စဉ် ၃၆ ဆင်းတစ်ယောက် ဖြစ်ပြီး ၊ ဦးအောင်ဝင်းဇော် ကတော့ ဗိုလ်ကြီးဟောင်း ဖြစ်တယ်လို့ သိရပါတယ်။

ဦးကိုနီ လုပ်ကြံခံရမှုမှာ တရားခံကို ဖော်ထုတ်ဖို့ ဆောင်ရွက်နေတဲ့ ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်တာ မဟုတ်ဘဲ သမ္မရုံးက ထုတ်ပြန်ရတာနဲ့ ပတ်သက်လို့ ဘီဘီစီက မေးရာမှာ ပြည်သူအများ စိတ်ဝင်စားတဲ့ အမှု ဖြစ်တဲ့ အတွက် ဒီလို လုပ်ဆောင်တာလို့ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ မှုခင်းဌာန ပြောခွင့်ရသူ ဒုတိယ ရဲမှူးကြီး ရွှေသောင်းက ပြောပါတယ်။

၂၀၁၄ ခုနှစ် အထိ တပ်မတော်မှာ ဒုတိယ ဗိုလ်မှုးကြီး အဆင့် အထိ တာဝန် ထမ်းဆောင်ခဲ့သူ ဦးအောင်ဝင်းခိုင်ကို အခုချိန်ထိ ဖမ်းလို့ မမိသေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ ဆက်လက် စုံစမ်းနေတယ်လို့ ဆိုပေမယ့် ဦးအောင်ဝင်းခိုင်က ဦးကိုနီကို ဘာကြောင့် သတ်ခိုင်းတယ် ဆိုတာနဲ့ သူ့ကို နောက်ထပ် ကြိုးကိုင်သူ ရှိမရှိ ဆိုတာတွေနဲ့ ပတ်သက်လို့တော့ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက တော့ အခု ထုတ်ပြန်ချက်ဟာ ဦးကိုနီကို သတ်မှုနဲ့ ပတ်သက်တဲ့ အနှစ်ချုပ် ထုတ်ပြန်ချက် မဟုတ်သေးဘူးလို့ ပြောပါတယ်။

ကွင်းဆက်တွေလိုက်ပြီး ဆက်စပ် တရားခံတွေ ကို ဆက်လက် ရှာဖွေနေတာ ရှိကြောင်းနဲ့ တချို့ကို ဖမ်းဆီး စစ်ဆေး နေတာတွေ ရှိနေကြောင်းလည်း သူက ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ