၂၁ ပင်လုံ ညီလာခံ ရက်ရွေ့

  • 15 ဖေဖော်ဝါရီ 2017
Image caption ၂၁ ပင်လုံ ညီလာခံကို ကြိုဆို ထောက်ခံစဉ်

၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို အခုလ ဖေဖော်ဝါရီ လကုန်ပိုင်းမှာ ကျင်းပဖို့ စီစဉ်ထားပေမဲ့ ရှေ့လထဲအထိ ရက်ရွှေ့ လိုက်ပါတယ်။

ဒါနဲ့ ပတ်သက်လို့ ရက်အတိအကျ မသတ်မှတ် ရသေးပေမယ့် မတ်လထဲ ပြောင်းကျင်းပဖို့ သေချာသလောက် ရှိတယ်လို့ နိုင်ငံတော် သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

အခုလို ရက်ရွေ့ ကျင်းပရတဲ့ အကြောင်းကတော့ ပြည်နယ်နဲ့ တိုင်း အသီးသီးမှာ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပဖို့ သဘောတူ လိုက်တဲ့ အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

လာမယ့် ရက်ပိုင်း အတွင်း ချင်းပြည်နယ် ထန်တလန် မြို့မှာ ၂၁ ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အကြို အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပမှာ ဖြစ်သလို ပဲခူးနဲ့ ရှမ်းပြည်နယ်မှာလည်း လုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

ဒါပေမယ့် ရခိုင်ပြည်နယ်မှာ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပဖို့ကိုတော့ UPDJC ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ အစည်းအဝေးမှာ သဘောတူ ခဲ့တဲ့ အထဲ မပါ၀င်သေးဖူးလို့ ဆိုပါတယ်။

လက်ရှိမှာတော့ ကေအိုင်အို လို အပစ်ရပ် လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ ဆွေးနွေးမှု ဖြစ်ပေါ်လာရေးကို အစဉ်တစိုက် ကြိုးပမ်းလျက် ရှိတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

၂၁ ရာစု ပြည်ထောင်စုငြိမ်းချမ်းရေး ပင်လုံညီလာခံကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ၂၀၁၆ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့မှာ ပထမအကြိမ် ကျင်းပခဲ့ပြီး အခုလာမယ့်အကြိမ်ကတော့ NLD အစိုးရလက်ထက် ဒုတိယအကြိမ် ကျင်းပမှာဖြစ်ပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အမည်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုတော့ အရင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၆ ခုနှစ် ဇန်နဝါရီလထဲမှာ စတင် ကျင်းပခဲ့တာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ