ဒီအက်စ်အေ အပတ်စဉ် ၃၆ နဲ့ ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်

  • 16 ဖေဖော်ဝါရီ 2017
Image caption လေယာဉ်ဆိုက်ရောက်ချိန်ကို စစ်ဆေးနေတဲ့ အောင်ဝင်းခိုင်

ဒုတိယ ဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်ဟာ ပျော်ပျော်နေသူ ၊ အေးအေး ဆေးဆေး နေသူ ဒေါသစိတ်မရှိသူလို့ ဒီအက်စ်အေ စစ်တက္ကသိုလ် အပတ်စဉ် ၃၆ က အပတ်စဉ်တခုတည်းထွက် ဗိုလ်လောင်းတွေက ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေ အကြံပေး ရှေ့နီ ဦးကိုနီကို ရန်ကုန် မင်္ဂလာဒုံ လေဆိပ်မှာ လုပ်ကြံသတ်ဖြတ်ခဲ့သူ ဦးကြည်လင်းနဲ့ ဆက်စပ်တရားခံ ဗိုလ်ကြီးဟောင်း အောင်ဝင်းဇော်တို့ကို စစ်ဆေးချက်အရ ငွေပေးခိုင်းစေသူဟာ ဒုတိယ ဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်လို့ မြန်မာသမ္မတ ရုံးက ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့ပြီးနောက်မှာ စစ်တက္ကသိုလ် အပတ်စဉ် ၃၆ သင်တန်းဆင်းတွေကို ဘီဘီစီက ဆက်သွယ် မေးမြန်းခဲ့ရာမှာ အဲသလို ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ဒုတိယဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်နဲ့ အပတ်စဉ်တခုတည်းဆင်း ဖြစ်သလို ၊ မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော်အမတ်လည်း ဖြစ်ပြီး၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ကိုယ်ရေး အရာရှိဟောင်းလည်း ဖြစ်တဲ့ ဦးလင်းဇော်ထွန်းကတော့ သူတို့ အပတ်စဉ်တူ သင်တန်းသားတွေ အားလုံး ဒီသတင်းကြောင့် စိတ်မကောင်း ဖြစ်နေကြရတယ်လို့ ဆိုပါတယ်။ သူတို့ အနေနဲ့ ဒုတိယဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်ဟာ ဒီလိုအလုပ်မျိုး လုပ်မယ်လို့ ထင်မထား ခဲ့ဘူးလို့ ဆိုပါတယ်။

ဦးလင်းဇော်ထွန်းဟာ ၂၀၁၅ ရွေးကောက်ပွဲနီးကပ်လာချိန်ကျမှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ကိုယ်ရေး အရာရှိ အဖြစ်ကနေ အနားယူပြီး ရွေးကောက်ပွဲ ဝင်ခဲ့သူ ဖြစ်ပါတယ်။

ဦးလင်းဇော်ထွန်းရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေမှာ ဒုတိယဗိုလ်မှူးကြီး ဟောင်း အောင်ဝင်းခိုင်က ပါဝင်ကူညီပြီး အတူပူးတွဲလုပ်ဆောင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့လို့ ဘီဘီစီက မေးမြန်းရာမှာတော့ ဦးလင်းဇော်ထွန်းက ဒုတိယဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်ဟာ သူ့ရဲ့ မဲဆွယ်စည်းရုံးရေးမှူး မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒုတိယ ဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်နဲ့ စစ်သင်တန်း အတူဆင်းသူ ဒီအက်အေ ၃၆ တွေဟာ အခုအခါ တိုင်းပြည်ရဲ့ အရေးကြီးတဲ့ ထိပ်တန်း တာဝန်တွေကို ယူထားကြပါတယ်။

နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကျော်အောင်၊ လွှတ်တော် တခုလုံးရဲ့ လုံခြုံရေးကို တာဝန်ယူထားသူ ရဲမှူးကြီး နေမျိုးထွဋ် တို့ဟာ စစ်တက္ကသိုလ် အပတ်စဉ် ၃၆ သင်တန်းဆင်းတွေ ဖြစ်ကြသလို၊ လေဆိပ်မှာ ဦးကိုနီကို လုပ်ကြံသူ ဦးကြည်လင်းကို ဖမ်းမိခဲ့စဉ်က တက္ကစီဒရိုင်ဗာကို ဖယ်ပြီး ကိုယ်စား မောင်းနှင်ခဲ့သူ ရဲမှူးကြီး ဝင်းမင်းသိန်းဟာလည်း အပတ်စဉ် ၃၆ ဆင်းပဲ ဖြစ်ပါတယ်။