မြန်မာ အမျိုးသား ဘောလုံး အကယ်ဒမီဖွင့်ပွဲ ဖီဖာဥက္ကဋ္ဌတက်

  • 17 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် Myanmar Football Federation
Image caption အခု အသစ် ဖွင့်လှစ်လိုက်တဲ့ကျောင်းအတွက် လူရွေးပွဲတွေကိုတော့ မြန်မာနိုင်ငံတလွှား မြို့နယ် ၅၂ မြို့နယ်မှာ လာမယ့် မတ်လမှာ ပြုလုပ်သွားမှာ ဖြစ်

ဖေဖော်ဝါရီလ ၁၇ရက်နေ့က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနိုဟာ ရန်ကုန်မှာ ဖွင့်လှစ်တဲ့ မြန်မာနိုင်ငံ အမျိုးသားဘောလုံး သင်တန်းကျောင်း ဖွင့်ပွဲကို တက်ရောက်ခဲ့ပါတယ်။

ဒီဖွင့်ပွဲကို ဖီဖာ ဥက္ကဋ္ဌနဲ့အတူ ဖီဖာက တာဝန်ရှိသူတွေသာမက အာရှနဲ့ အာဆီယံ ဘောလုံးအဖွဲ့ချုပ်တွေက တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ပါတယ်။

ဒီသင်တန်းကျောင်းဟာ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ မြန်မာဘောလုံးအဖွဲ့ချုပ်ရုံးအနီးက သုဝဏ္ဏကွင်းရှေ့မှာ ဆောက်လုပ်ခဲ့တာ ဖြစ်ပြီး မြက်ခင်းတုကွင်း လေ့ကျင့်ရေး ကွင်း ၂ ကွင်းလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒီသင်တန်းကျောင်းဖွင့်လှစ်နိုင်ရေးအတွက် ဖီဖာရဲ့ ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ငါးသိန်း အပါအဝင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် တည်ထောင်ထားတဲ့ ဧရာဝတီဖောင်ဒေးရှင်းရဲ့ ရန်ပုံငွေနဲ့ တည်ဆောက်ခဲ့တာ ဖြစ်ပြီး စုစုပေါင်း ဒေါ်လာ သုံးသန်းနီးပါး ကုန်ကျခဲ့ပါတယ်။

ဒီသင်တန်းကျောင်းဟာ ဘောလုံးစွမ်းရည် အလားအလာရှိတဲ့ အသက် ၁၁ နှစ် အထက် လူငယ်တွေကို ရွေးချယ်သွားမှာ ဖြစ်ပြီး ဘောလုံးနဲ့အတူ ပညာရေးလည်း မပျက်ပဲ သင်ယူနိုင်တဲ့အတွက် ဘောလုံးဝါသနာရှင် လူငယ်တွေအတွက် အများကြီး အကျိုးရှိမှာ ဖြစ်တယ်လို့ အသက် ၁၉ နှစ်အောက် မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ဘီဘီစီကို ပြောပါတယ်။

အခု အသစ် ဖွင့်လှစ်လိုက်တဲ့ကျောင်းအတွက် လူရွေးပွဲတွေကိုတော့ မြန်မာနိုင်ငံတလွှား မြို့နယ် ၅၂ မြို့နယ်မှာ လာမယ့် မတ်လမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဒီသင်တန်းကျောင်းဟာ မြန်မာနိုင်ငံအတွက် သုံးကျောင်းမြောက် အမျိုးသား ဘောလုံး သင်တန်းကျောင်းဖြစ်ပြီး မန္တလေးနဲ့၊ ပုသိမ်မှာလည်း အလားတူ ကျောင်းတွေ ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါတယ်။

ဒီကျောင်းတွေမှာတော့ နယ်အသီးသီးက ထူးချွန်တဲ့ လူငယ်ဘောလုံးသမားတွေကို စောင့်ကြည့်ပြီး ခေါ်ယူ လေ့ကျင့်နိုင်ဖို့ အတွက် အဖွဲ့တွေ ဖွဲ့ပြီး လုပ်ဆောင်မှုတွေ ရှိနေတယ်လို့ ဦးမျိုးလှိုင်ဝင်းက ပြောပါတယ်။