မွန်ပြည်နယ် ဝန်ကြီးချုပ် နုတ်ထွက်စာတင်မယ်။

  • 18 ဖေဖော်ဝါရီ 2017
Image caption အစိုးရသစ်လက်ထက် ပထမဆုံးအကြိမ် ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ ကနေ အနိုင်ရပြီး ဝန်ကြီးချုပ် ဖြစ်လာသူ ဦးမင်းမင်းဦးက ဝန်ကြီးချုပ်ရာထူးကနေ နုတ်ထွက်ကြောင်း စာကို တနင်္လာနေ့မှာ တင် မယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒါဟာ မြန်မာနိုင်ငံမှာ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ တက်လာအပြီး ပြည်နယ် ဝန်ကြီးချုပ်တဦး ပထမဆုံးအကြိမ် ရာထူးကနေ နုတ်ထွက်တာ ဖြစ်ပါတယ်။

NLD ပါတီဝင် အဖြစ်ရော၊ လွှတ်တော် ကိုယ်စားလှယ် အဖြစ်ကပါ သူနုတ်ထွက်မှာ ဖြစ်တယ်လို့ ဦးမင်းမင်းဦးက ပြောပါတယ်။

လက်ရှိအနေအထားနဲ့ သူ့ကိုယ်ရေး ကိုယ်တာ ကိစ္စတွေ အားလုံး တိုက်ဆိုင် သွားခဲ့ပြီး လုပ်သင့်လုပ်ထိုက်တယ် ထင်တဲ့အတွက် အခုလို နုတ်ထွက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တရားဝင် နုတ်ထွက်သွားပြီးရင် အကြောင်းစုံကို ရှင်းလင်း ပြောပြမယ်လို့လည်း ဆိုပါတယ်။

ဦးမင်းမင်းဦးဟာ လူမှုရေး ကိစ္စတွေနဲ့ပတ်သက်လို့ တိုင်ကြားခံထားရပြီး ပါတီတွင်း စုံစမ်း စစ်ဆေးခံနေရသူ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာ ခေျာင်းဆုံ မော်လမြိုင် မြစ်ကူးတံတား အမည်ပေးရေး ကိစ္စနဲ့ ပတ်သက်လို့ ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့နဲ့ ပြည်နယ် အစိုးရအဖွဲ့အကြား အငြင်းပွားမှုတွေ ရှိခဲ့သလို မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦး အနေနဲ့ လူမှုရေး ကိစ္စ တိုင်ကြားမှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

အဲဒီ လူမှုရေး ကိစ္စ တိုင်ကြားချက်တွေကို NLD ပါတီတွင်းမှာ စုံစမ်းစစ်ဆေးခဲ့ပြီး ဗဟိုအလုပ်အမှုဆောင် ကော်မတီကို တင်ပြထားတယ်လို့ ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ဘီဘီစီကို ပြောပါတယ်။

အခု ဦးမင်းမင်းဦး နုတ်ထွက်တော့မယ် ဆိုတဲ့အတွက် ဒီကိစ္စနဲ့ ပတ်သက်လို့ အရေးယူတာမျိုး လုပ်ဖို့ မရှိတော့ဘူးလို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ