UNFC ကိုယ်စားလှယ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် မတ်လဆန်းမှာ တွေ့မယ်။

  • 19 ဖေဖော်ဝါရီ 2017
Image caption UNFCနဲ့ တွေ့ဖို့ ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်း

လက်ရှိဖြစ်နေတဲ့ အခြေအနေတွေနဲ့ အခက်အခဲတွေကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ စာရေး တင်ပြထားပြီး ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း ဒါကို အပြုသဘော တုန့်ပြန်ခဲ့တယ်လို့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ တွဲဘက် အတွင်းရေးမှူး ၊ ANC ရခိုင်ပြည် အမျိုးသား ကောင်စီ အထွေထွေ အတွင်းရေးမှူး ဦးထွန်းဇော်က ဘီဘီစီကို ပြောပါတယ်။

လက်ရှိ အစိုးရ ရပ်တည်နေတဲ့ မူဝါဒအတိုင်း ဆိုရင်တော့ ပြေလည်နိုင်ဖို့ ခက်မှာ ဖြစ်ကြောင်း၊ အစိုးရဘက်က မူပိုင်းဆိုင်ရာ လိုအပ်တဲ့ အချက်တွေကို ဖျက်ပေးမှသာ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ ဆက်ဆွေးနွေးဖို့ အဆင်ပြေမှာ ဖြစ်ကြောင်း ဦးထွန်းဇော်က ပြောပါတယ်။

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲကြောင်းကို NCA လက်မှတ်ရေးထိုးပြီးတာနဲ့ ၂၄နာရီအတွင်း အစိုးရ တပ်မတော်ဘက်က ကြေညာရမယ်၊ ၄၈နာရီအတွင်း တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က ကြေညာမယ် ဆိုပြီး UNFC ဘက်က အဆိုပြုထားပေမယ့် တပ်မတော်ဘက်က သဘောတူသလား ဆိုတာကို ဒီကနေ့ထိ ယတိပြတ် မသိရသေးဘူးလို့ ဆိုပါတယ်။

တခါ နိုင်ငံရေး ဆွေးနွေးပွဲမှာ ၃ပွင့်ဆိုင် ပုံစံနဲ့ ဆွေးနွေးဖို့ အဆိုပြုထားတာကိုလည်း အစိုးရဘက်က မူဝါဒရှင်းရှင်းလင်းလင်းနဲ့ ချပေးနိုင်တာ မရှိသေးကြောင်းနဲ့ အခုလို မူဝါဒပိုင်း ဆိုင်ရာ အကန့်အသတ်တွေ ရှိနေတဲ့အတွက် မတိုးတက် မထူးခြားတာ ဖြစ်ကြောင်း သူက ပြောပါတယ်။

အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်လို့ လက်ရှိအခြေအနေမှာ နိုင်ငံမြောက်ပိုင်းက လက်နက်ကိုင် အဖွဲ့အစည်းတွေကို တပ်မတော်ဘက်က လက်ခံ စဉ်းစားပြီး ဆွေးနွေး ညှိနှိုင်း အဖြေရှာလိုတဲ့ ဆန္ဒ သဘောထားတွေ ပြဖို့ လိုကြောင်း၊ လက်တွေ့အားဖြင့် မြေပြင်မှာ အကြောင်းအမျိုးမျိုး ပြပြီး တိုက်နေတဲ့ တိုက်ပွဲတွေကို ရပ်လိုက်မယ် ဆိုရင် အပစ်အခတ် ရပ်စဲရေးအတွက် ခြေလှမ်း အများကြီး ရောက်သွားနိုင်ခြေ ရှိတယ်လို့ UNFC တွဲဘက် အတွင်းရေးမှူး ဦးထွန်းဇော်က ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ