မွန်ပြည်နယ် ဝန်ကြီးချုပ်သစ် အဖြစ် ဒေါက်တာ အေးဇံကို အဆိုပြုထား

  • 20 ဖေဖော်ဝါရီ 2017
Image caption ပါတီက စစ်ဆေးမှု ပြုလုပ်ခဲ့အပြီး မွန်ဝန်ကြီးချုပ် ဦးမင်းမင်းဦး နုတ်ထွက်

ရာထူးက နုတ်ထွက် လိုက်တဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦး နေရာမှာ ကျိုက်ထို မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးဇံကို အစားထိုး ခန့်အပ်ဖို့ NLD ပါတီက အဆိုပြုလိုက် ပါတယ်။

တိုင်ကြား ခံရမှုတွေ ရှိခဲ့တဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးဟာ ဖေဖော်ဝါရီလ ၂၀ ရက် သမ္မတရုံးမှာ နုတ်ထွက်စာတင်ခဲ့ပါတယ်။

ပြည်နယ် လွှတ်တော်နဲ့ အစိုးရ အဖွဲ့ဝင်တွေက သူ့ရဲ့ စွမ်းဆောင်ရည် အပေါ် တိုင်ကြားချက် တွေနဲ့ ပတ်သက်လို့ ပါတီက စစ်ဆေးမှု ပြုလုပ်ခဲ့အပြီး အခုလို နုတ်ထွက်စာ တင်တာလည်း ဖြစ်ပါတယ်။

မွန်ပြည်နယ် ဝန်ကြီးချုပ်မဟုတ်တော့ပေမယ့် ဦးမင်းမင်းဦးဟာ လွှတ်တော်ကိုယ်စားလှယ် အဖြစ်ရော အန်အယ်လ်ဒီ ပါတီဝင် အဖြစ်ပါ ဆက်ရှိနေမှာ ဖြစ်ပါတယ်။

ဦးမင်းမင်းဦးက ဘယ်သူ့ကိုမှ အပြစ်မတင်ဘဲ အေးအေးဆေးဆေး နုတ်ထွက်စာတင်ခဲ့တယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

အခု အဆိုပြုထားတဲ့ ကျိုက်ထို မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးဇံကတော့ အသက် ၆၂ နှစ် အရွယ် ဆရာဝန် တစ်ယောက် ဖြစ်ပြီး NLD ပါတီမှာ ဗဟိုကော်မတီဝင် အထိ တာဝန် ထမ်းဆောင် ခဲ့ဖူး ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ကျိုက်ထို မဲဆန္ဒနယ် ကနေ အတူတူ ရွေးကောက်ပွဲ ဝင်ပြီး အနိုင်ရ ခဲ့တဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခင်ဆောင် ကတော့ ဒေါက်တာ အေးဇံဟာ ၁၉၈၈ ခုနှစ် ကတည်းက NLD ပါတီဝင် ဖြစ်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲ တုန်းက ကျိုက်ထို မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဝင်ရောက် ယှဉ်ပြိုင် ခဲ့ရာမှာ အနိုင် ရခဲ့တယ်လို့ ပြောပါတယ်။

အဲဒီအချိန်က ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်တွေကို စစ်အစိုးရက အကြောင်း အမျိုးမျိုးနဲ့ ဖမ်းဆီးခဲ့ရာမှာ မြေယာ ဥပဒေ တစ်ခုနဲ့ ငြိတယ်ဆိုပြီး ထောင် ငါးနှစ် ချ ခံခဲ့ရတယ်လို့လည်း ဒေါက်တာ ခင်ဆောင်က ပြောပါတယ်။

ဦးမင်းမင်းဦးဟာ NLD ပါတီက အစိုးရအဖြစ် တာဝန်ယူခဲ့တဲ့ ၁၀ လတာ ကာလအတွင်း ရာထူးကနေ ပထမဆုံး နုတ်ထွက်စာ တင်တဲ့ ပြည်နယ် ဝန်ကြီးချုပ် တစ်ဦး ဖြစ်ပါတယ်။

အခုသူ့နေရာမှာ ဒေါက်တာအေးဇံကို ပါတီက ထောက်ခံ ထားလိုက်ပြီ ဖြစ်ပေမယ့် တကယ်တမ်း သမ္မတ ကပဲ တိုက်ရိုက် ခန့်အပ်ရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ