လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီ ဒက္ကာမြို့ကို ဆိုက်ရောက်

  • 20 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ရခိုင်ရှိ ရိုဟင်ဂျာစခန်းကို ယန်ဟီးလီရောက်စဉ်

မစ္စယန်ဟီးလီဟာ မကြာမီက မြန်မာနိုင်ငံ မောင်တောဒေသကို သွားရောက်ခဲ့ပြီး အခုဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိသွားပါတယ်။ ပထမနေ့မှာတော့ အစိုးရအာဏာပိုင်တွေ ဖြစ်ကြတဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာမာမွတ်အလီ၊ ပြည်ထဲရေး အတွင်းဝန်တို့နဲ့ တွေ့ဆုံပြီး ရိုဟင်ဂျာပြဿနာ အကြောင်း ဆွေးနွေးခဲ့ပါတယ်။

မနက်ဖန်မှာတော့ မြန်မာနယ်စပ်နားက ဘင်္ဂလားဒေ့ရှ် ခြမ်းရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို ကွင်းဆင်းလေ့လာမှာဖြစ်ပါတယ်။

ဘီဘီစီ ဘင်္ဂါလီ သတင်းထောက် အက်ဘာဟူစိန်က အခုခရီးစဉ်ဟာ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေရှ့် အစိုးရရဲ့ ကိုင်တွယ် ဆောင်ရွက်ပုံနဲ့ သဘောထား အမြင်တွေ ဆွေးနွေးဖို့ လာတာလို့ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက ၄လလောက်အတွင်း အများအပြား ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေနဲ့ ဒုက္ခသည်စခန်းတွေမှာ ကိုယ်တိုင် သွားရောက် တွေ့ဆုံပြီး ဘာကြောင့် ထွက်ပြေးလာသလဲ ဘယ်လို ဒုက္ခတွေရင်ဆိုင်ရလဲ လူ့အခွင့်အရေး ချိုးဖေါက်တယ်ဆိုတဲ့ သတ်ဖြတ် ညှင်းဆဲမှုတွေအကြောင်း မေးမြန်းမှာ ဖြစ်တယ်လို့ပြောပါတယ်။ တက်နပ်ဒေသ ခံတွေနဲ့လည်းတွေ့ဆုံပြီး အခုဖြစ်နေတဲ့ ပြဿနာရဲ့ အခြေအနေရပ်ရပ်ကို လေ့လာ မေးမြန်းစုံစမ်းမှာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရ အဆိုအရ ၄၊၅လအတွင်း ရခိုင်ပြည်နယ်က ထွက်ပြေး ဝင်ရောက်လာတဲ့ ဒုက္ခသည် ၇သောင်းလောက်ရှိပြီး နှစ်နဲ့ချီ တရားမဝင်ခိုလှုံ နေကြတဲ့ဒုက္ခသည်ပေါင်း ၃သိန်းလောက် စခန်းတွေမှာ ရှိတယ်လို့ဆိုပါတယ်။ အခုအခါ ရိုဟင်ဂျာတွေကို တတိယနိုင်ငံကို ပြန်လည် အခြေချနိုင်အောင် ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂ ဒုက္ခသည်များအေဂျင်စီ ကဆောင်ရွက်နေပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က အခုအခါ တက်နပ်ဒေသ တလျှောက်လုံးက ရိုဟင်ဂျာ ဒုက္ခသည်အားလုံးကို ဘင်္ဂလားပင်လယ်ထဲက သင်ဂါချာကျွန်းမှာ ပြောင်းရွှေ့ထားဖို့ အစီအစဉ်တွေ စလုပ်နေကြောင်း၊ အဲဒီလိုထားခြင်း အားဖြင့် သူတို့ကို တနေရာထဲမှာ ထိန်းသိမ်း အုပ်ချုပ်နိုင်မှာကြောင်း၊ တဖက်ကလည်း သူတို့ရဲ့ လာရောက်တဲ့နေရပ်ရင်းကို ပြန်ပို့နိုင်ဖို့ မြန်မာအစိုးရနဲ့ ညှိနေကြောင်း ပြောပါတယ်။

အခုခရီးစဉ်နဲ့ ပတ်သက်လို့ခရီးစဉ် အစမှာ ယန်ဟီးလီရဲ့ ထုတ်ပြန်ချက် ထဲမှာတော့ မြန်မာအစိုးရက ရခိုင်မှာ နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးတွေ ရပ်လိုက်တာကို ကြိုဆိုကြောင်း၊ ကော့ဘဇားရှိ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ ကိုယ်စားလှယ် တွေ့ရှိခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကိုတော့ မေ့ထားလို့ မဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် ခရီးစဉ်ရဲ့ တွေ့ရှိချက်တွေကိုတော့ လာမယ့်မတ်လ ၁၃ရက် ကုသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ အစီရင်ခံစာအသစ် တင်သွင်းသွားမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ