တက္ကသိုလ် သမဂ္ဂဟောင်းနေရာမှာ အဆောက်အအုံ ပြန်မဆောက်ဖို့ ဗကသ ပြော

  • 20 ဖေဖော်ဝါရီ 2017
Image caption ၁၉၆၂ခုနှစ် ဇူလိုင် ၇ရက်နေ့က တက္ကသိုလ် ကျောင်းသား သမဂ္ဂ အဆောက်အအုံ ဖြိုချခံခဲ့ရ

၁၉၆၂ ခုနှစ် ဦးနေ၀င်း အစိုးရ လက်ထက်က ဒိုင်းနမိုက်နဲ့ ဖြိုချခံခဲ့ရတဲ့ ရန်ကုန်တက္ကသိုလ်တွင်း တက္ကသိုလ် ကျောင်းသမဂ္ဂ အဆောက် အအုံ ပြန်လည် တည်ဆောက်ဖို့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိမ်းက တွေ့ဆုံ ဆွေးနွေး စီစဉ်မှု တွေပြုလုပ်နေတာနဲ့ ပတ်သက်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ တက္ကသိုလ် ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗကသ က သူတို့ရဲ့ သဘောထားကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အဲဒီ အဆောက်အအုံဟောင်း နေရာမှာ ပြန်မဆောက်ဖို့နဲ့ သမဂ္ဂ အဆောက်အအုံ တည်ဆောက်ရေး အတွက် လွတ်လပ်တဲ့ အဖွဲ့ ဖွဲ့စည်းပေးဖို့ အပါအဝင် အချက် ၄ ချက်ကို အဲဒီ ထုတ်ပြန်ချက်ထဲမှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် ကျောင်းသား သမဂ္ဂတွေရဲ့ တရားဝင် ရပ်တည်ခွင့်ကို အမြန်ဆုံး အကောင်အထည် ဖေါ်ပေးဖို့ကိုလည်း အဲဒီ ထုတ်ပြန်ချက်ထဲမှာ ဖေါ်ပြထားပါတယ်။

သမဂ္ဂ အဆောက်အအုံ ဖြိုချခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဘယ်သူကမှ တောင်းပန်တာမျိုး မရှိသေးသလို သမဂ္ဂ အဆောက်အအုံ ဖြိုချခံရစဉ်တုန်းက သေဆုံးခဲ့တဲ့ ကျောင်းသား အရေအတွက် ဘယ်လောက် ရှိခဲ့သလဲ ဆိုတာကိုလည်း မထုတ်ပြန်သေးကြောင်း၊ အဲဒီ အဆောက်အအုံဟောင်း နေရာမှာ 7 July အထိမ်းအမှတ် မှတ်တိုင် စိုက်ထူလိုပြီး အဲဒီမှာ သေဆုံးသွားသူတွေရဲ့ နာမည်တွေကို ကမ္ဗည်းထိုးလိုကြောင်း ဗကသ ဗဟိုလုပ်ငန်း ကော်မတီ အတွင်းရေးမှူး အဖွဲ့ဝင် ကိုအောင်ထက်အောင်က ဘီဘီစီကို ပြောပါတယ်။

ကျောင်းသား မျိုးဆက် အသီးသီး ပါဝင်တဲ့ ဆွေးနွေးပွဲတခုကို ဗကသများ အဖွဲ့အစည်းက ဦးဆောင် ကျင်းပနိုင်ဖို့ စီစဉ်နေပြီး အဲဒီ ဆွေးနွေးပွဲကနေ ဒီ့ထက် ပိုခိုင်မာတဲ့ မူတခုကို ချနိုင်မယ်လို့ ယူဆကြောင်း သူက ပြောပါတယ်။

တကသ အဆောက်အအုံ ပြန်လည် တည်ဆောက်ရေးနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိမ်းနဲ့ ဆွေးနွေးဖို့ သူတို့ဘက်က လမ်းဖွင့်ထားပြီး ပုံစံမျိုးစုံနဲ့ ညှိနှိုင်းမှုတွေ ရှေ့ဆက် လုပ်သွားမှာ ဖြစ်ကြောင်း ဗကသ ဗဟိုလုပ်ငန်း ကော်မတီ အတွင်းရေးမှူး အဖွဲ့ဝင် ကိုအောင်ထက်အောင်က ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ