ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယအကြိမ် စတုတ္ထပုံမှန် အစည်းအဝေး ပြန်လည် စတင်

  • 20 ဖေဖော်ဝါရီ 2017
Image caption ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေး ပြန်လည် စတင်

တစ်လကျော်ကြာ ရပ်နားထားခဲ့တဲ့ ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယအကြိမ် စတုတ္ထပုံမှန် အစည်းအဝေး ကို ဖေဖေါ်ဝါရီလ ၂၀ရက် က ပြန်လည် စတင်လိုက်ပါတယ်။

ရခိုင် အမျိုးသားပါတီ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ မေးခွန်းထုတ်မှုတွေကို သက်ဆိုင်ရာ ဝန်ကြီးက မဖြေဆိုခဲ့တဲ့အတွက် မကျေနပ်မှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု ကြီးထွားလာနေတာနဲ့ ပတ်သက်တဲ့ မေးခွန်းကို သက်ဆိုင်ရာ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးက ဖြေဆိုရမှာ ဖြစ်ပေမယ့် သူခရီးလွန်နေတယ်ဆိုပြီး မေးခွန်းနဲ့ မသက်ဆိုင်တဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး လာရောက် ဖြေဆိုတဲ့အတွက် သိပ်ဘဝင်မကျဘူးလို့ လွှတ်တော်ကိုယ်စားလှယ် ဦးအေးသိန်းက ဘီဘီစီကို ပြောပါတယ်။

မြောက်ဦးမြို့ လေယာဉ်ကွင်း ဖောက်လုပ်မှု ရပ်နားလိုက်တာနဲ့ ပတ်သက်တဲ့ မေးခွန်းကိုတော့ ပြည်နယ်လွှတ်တော်က လက်ခံထားလိုက်ပြီး အင်္ဂါနေ့မှာ ဆက်လက် ဆွေးနွေးမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း လက်ရှိ ဖြစ်ပေါ်နေတဲ့ ဆူပူ မတည်ငြိမ်မှု ကိစ္စတွေကို ရခိုင်လွှတ်တော်မှာ ဒီတစ်ကြိမ်မှာ ဆက်ဆွေးနွေး ဖြစ်မလား ဆိုတာကတော့ မသေချာသေးဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ