ဘူးသီးတောင် ထောင်ကနေ အကျဉ်းသား ၂ ဦး ထွက်ပြေး

  • 21 ဖေဖော်ဝါရီ 2017
ဓာတ်ပုံ မူပိုင် Narinjara Photo
Image caption ဘူးသီးတောင်မြို့

ရခိုင်ပြည်နယ်က အရေးကြီး ထောင်တစ်ခု ဖြစ်တဲ့ ဘူးသီးတောင်ထောင်ထဲကနေ အကျဉ်းသား နှစ်ဦး ဖေဖော်ဝါရီ ၂၁ ရက်နေ့က ထွက်ပြေး လွတ်မြောက်သွား ပါတယ်။

ထွက်ပြေး သွားကြသူတွေက မောင်တော ဘက်က မွတ်ဆလင်တွေ ဖြစ်ကြပြီး မကြာသေးခင်က ဖြစ်ခဲ့တဲ့ နယ်ခြားစောင့် စခန်းတွေကို အကြမ်းဖက် တိုက်ခိုက်ခဲ့မှု တွေနဲ့ ဆက်စပ်သူတွေ မဟုတ်ဘူးလို့ ဘူးသီးတောင်မြို့နယ် အကျဉ်းထောင်က ထောင်ပိုင်ကြီးက ဘီဘီစီကို ပြောပါတယ်။

အကျဉ်းထောင်ရဲ့ ပြင်ပ လုပ်ငန်း အဖြစ် နေ့စဉ် ထင်းရှာတဲ့ အဖွဲ့မှာ ပါဝင်တဲ့ အဲဒီလူ နှစ်ယောက်က အင်္ဂါနေ့ နေ့လယ် ၂ နာရီလောက်က အပြင်ထွက်ရင်း ထွက်ပြေးသွားခဲ့တာ လို့လည်း သူက ပြော ပါတယ်။

အခုလို ထွက်ပြေးသွားပြီးတဲ့ နောက်မှာ ထောင်လုံခြုံရေးကို အထူး တင်းကျပ်လိုက်တယ် လို့လည်း ထောင်ပိုင်ကြီးက ပြောပါတယ်။

ပြင်ပ လုပ်ငန်း လုပ်စဉ်မှာ အကျဉ်းထောင် ဝန်ထမ်းက အသေအချာ စောင့်မကြည့်မိဘဲ ပေါ့လျော့ မိခဲ့တာ ဖြစ်ကြောင်းနဲ့ ထွက်ပြေးသွားသူတွေကို လိုက်ရှာနေကြောင်းလည်း ထောင်ပိုင်ကြီးက ပြော ပါတယ်။

ဘူးသီးတောင် ထောင်ဟာ မောင်တော အကြမ်းဖက်မှုနဲ့ ဆက်စပ်ပြီး လူပေါင်း ၅၀၀ ခန့်ကို ဖမ်းဆီး ချုပ်နှောင်ထားတဲ့ ထောင်ဖြစ်တဲ့ အတွက် လုံခြုံရေး အထူး တင်းကျပ်ထားတဲ့ ထောင်ဖြစ်ပါတယ်။

အခုထွက်ပြေးသွားတဲ့ အကျဉ်းသား နှစ်ဦးဟာ အကြမ်းဖက်မှု ဖြစ်စဉ်တွေနဲ့ ဆက်စပ်မှု ရှိသူတွေ မဟုတ်ပေမယ့် အခုလို အကျဉ်းသားတွေ ထွက်ပြေးတဲ့ သတင်းကြောင့် လူထု အကြားမှာတော့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ