ရခိုင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်မြောက်ရေး အကြိုဆွေးနွေးပွဲ ကျင်းပ

  • 21 ဖေဖော်ဝါရီ 2017
Image caption UPDJC အစည်းအဝေးမှာ ရခိုင်မှာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပဖို့ ခွင့်ပြုခဲ့တယ်လို့ဆို

ရခိုင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်မြောက်ရေး အကြို ဆွေးနွေးပွဲကို ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အင်္ဂါနေ့က ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

ဒီအကြို ဆွေးနွေးပွဲကို ရခိုင် အမျိုးသားပါတီက တာဝန်ရှိသူတွေ၊ ပြည်နယ် အဆင့် အစိုးရနဲ့ ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးထားတဲ့ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီက ခေါင်းဆောင်တွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ စုစုပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။

ဒီအကြို ဆွေးနွေးပွဲဟာ မကြာသော အနာဂါတ်မှာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ရခိုင်ပြည်နယ်မှာ လုပ်ဆောင်လာဖို့အတွက် ပြည်သူကို ချပြတဲ့ အစီအစဉ် ဖြစ်တယ်လို့ ဆွေးနွေးပွဲ ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီက ဒေါ်စောမြရာဇာလင်းက ဘီဘီစီကို ပြောပါတယ်။

ရခိုင်ပြည်နယ် ဟာ ရခိုင် အပါအဝင် မြို၊ ခမီး၊ သက်၊ ဒိုင်းနက်၊ မာရမာကြီးစတဲ့ လူမျိုးငယ်တွေပါ နေထိုင်နေကြတာ ဖြစ်တဲ့အတွက် တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် အခွင့်အရေးတွေ ရဖို့ ကြိုးပမ်းရာမှာ ရခိုင်ပြည်နယ်ထဲမှာ ရှိသူအားလုံးရဲ့ သဘောဆန္ဒတွေကို စုစည်းပြီး ပင်လုံငြိမ်းချမ်းရေး ညီလာခံမှာ တင်ပြသွားမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ ကျင်းပခွင့် မပြုဘူးလို့ ပြောထားရာကနေ ချင်းပြည်နယ်ကို ခွင့်ပြုခဲ့ပြီး ရခိုင်ပြည်နယ်ကိုတော့ ဒီကနေ့ထိ ခွင့်မပြုသေးပါဘူး။

အကြို ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ကတော့ ဖေဖေါ်ဝါရီ ၆ရက်နေ့ မတိုင်ခင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ UPDJC ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ အစည်းအဝေးမှာ ရခိုင်ပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ဖို့ ခွင့်ပြုတယ် ဆိုတဲ့ သဘောတူ ဆုံးဖြတ်ချက် ရှိခဲ့ကြောင်း၊ ဒါပေမယ့် ဖေဖေါ်ဝါရီလ ၆ရက်နေ့မှာတော့ ရခိုင်နဲ့ ချင်းကို ခွင့်မပြုဘူး ဆိုပြီး ဖြစ်လာကြောင်း၊ ဒီကိစ္စကို UPDJC အနေနဲ့ရော အမျိုးသားပြန်လည် ရင်ကြားစေ့ရေး NRPC အနေနဲ့ပါ ပြန်စဉ်းစားသင့်ကြောင်း ပြောပါတယ်။

အဲဒီလို ခွင့်မပြုဘူး ဆိုရင် ဖြစ်လာမယ့် နိုင်ငံရေး တင်းမာမှုက လက်ရှိအစိုးရနဲ့ပဲ ပတ်သက် လိမ့်မယ်လို့လည်း ဒေါက်တာ အေးမောင်က ဘီဘီစီကို ပြောပါတယ်။

ရခိုင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်မြောက်ရေး အကြို ဆွေးနွေးပွဲ တွေကို ရခိုင်ပြည်နယ်က ခရိုင် ၄ ခရိုင်နဲ့ ရန်ကုန်မြို့တို့မှာလည်း ကျင်းပ ပြုလုပ် သွားမယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ