ပင်လုံညီလာခံကို KIO တက်မတက်ဆိုတာ UNFC ရဲ့ အဆုံးအဖြတ်ပေါ် မူတည်

  • 22 ဖေဖော်ဝါရီ 2017
Image caption အဓိကက ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို ညှိနှိုင်းလိုတာလို့ ဗိုလ်ချုပ်ဂွမ်မော် ပြော

ရှေ့လလယ် ကျင်းပမယ့် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ ကို KIO တက်ဖို့ မတက်ဖို့ ဆိုတာ UNFC ရဲ့ အဆုံးအဖြတ်ပေါ်မှာ မူတည်တယ်လို့ KIC ကချင်လွတ်လပ်ရေး ကောင်စီ ဒု ဥက္ကဌ ၂ ဗိုလ်ချုပ် ဂွမ်မော်က ဘီဘီစီကို ပြောပါတယ်။

ပင်လုံ ငြိမ်းချမ်းရေး ညီလာခံဟာ တိုင်းရင်းသား အားလုံးရဲ့ ကိုယ်စားလှယ်တွေ တန်းတူ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်တဲ့ အစည်းအဝေးမျိုး ဖြစ်သင့်ပြီး ပြည်ထောင်စု တည်ဆောက်ရေးကို ပင်လုံစာချုပ် ကတိကဝတ်တွေနဲ့ အခြေခံပြီး ဆွေးနွေးကြတာမျိုးကို လိုချင်တယ်လို့ ဆိုပါတယ်။

KIO ဦးဆောင်တဲ့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ မတ်လ ၁ ရက်နေ့မှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

လောလောဆယ်မှာ UNFC က တောင်းဆိုထားတဲ့ အချက် ၉ချက်ထဲက ဘယ်အချက်ကိုမှ အစိုးရက တိတိကျကျ သဘောတူထားတာမျိုး မရှိသေးတဲ့အတွက် ဆက်ညှိနှိုင်းနေဆဲဖြစ်ပြီး NCA အပစ်ရပ် လက်မှတ်ထိုးဖို့ အဆင့်ကို ရောက်နိုင်အုံးမှာ မဟုတ်သေးဘူးလို့ ဗိုလ်ချုပ် ဂွမ်မော်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရက ပင်လုံ ညီလာခံကို အလျင်အမြန် ဖြစ်စေချင်နေပြီး ပြည်ထောင်စု တည်ဆောက်ရေး လုပ်ချင်တဲ့ ဆန္ဒ ရှိတယ်လို့ သူ့အနေနဲ့ မြင်ကြောင်း ဒါပေမယ့် NCA လက်မှတ်ထိုးနိုင်ဖို့ အခင်းအကျင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရက တွန်းအားပေးနိုင်လို့ မရတဲ့ ကဏ္ဍတွေ ရှိတယ်လို့ နားလည်ကြောင်း ဗိုလ်ချုပ် ဂွမ်မော်က ပြောပါတယ်။

KIO ရဲ့ သဘောထားကတော့ NCA လက်မှတ်ထိုးပြီးမှ ဖြစ်ဖြစ်၊ မထိုးပဲနဲ့ အစိုးရက လက်ခံသည်ပဲ ဖြစ်ဖြစ်၊ အားလုံး တန်းတူ ဆွေးနွေးနိုင်ခွင့် ရှိရင်တော့ ပင်လုံညီလာခံ တက်ရောက်နိုင်ရေးကို အင်တိုက်အားတိုက် ကြိုးစားသွားမယ်လို့ ဗိုလ်ချုပ် ဂွမ်မော်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ