သမဂ္ဂ အဆောက်အဦး ဖြစ်မြောက်ရေး အကြို ကော်မတီဖွဲ့

  • 22 ဖေဖော်ဝါရီ 2017
Image caption ဖြိုချခံခဲ့ရတဲ့ ကျောင်းသမား သမဂ္ဂ အဆောက်အဦး

မြန်မာ နိုင်ငံမှာ စစ်တပ်က အာဏာသိမ်း ခဲ့ပြီးတဲ့နောက် ၁၉၆၂ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ မနက်က ဖောက်ခွဲ ဖျက်ဆီး ခံခဲ့ရတဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ အဆောက်အဦး ကြီးကို ပြန်လည် တည်ဆောက်ဖို့ အတွက် အကြို အနေနဲ့ ကော်မတီ ဖြစ်မြောက်ရေးအဖွဲ့ကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဖွဲ့စည်းလိုက်ပါတယ်။

အန်အယ်လ်ဒီပါတီ ဗဟို ကော်မတီတွေ အပါအဝင်၊ ၆၂ မျိုးဆက်နဲ့ ၈၈ မျိုးဆက် ကျောင်းသား ဟောင်း တွေ ပါဝင်တဲ့ ၂၁ ဦးအဖွဲ့ကို NLD ရုံးချုပ်မှာ ဖွဲ့စည်း လိုက်တယ်လို့ ပါတီဗဟို အလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ဘီဘီစီကို ပြောပါတယ်။

နှစ်ပေါင်း ၅၀ ကျော် စောင့်ခဲ့ရတဲ့ ကျောင်းသား သမဂ္ဂပြန်လည်တည်ဆောက်နိုင်တဲ့ အခြေအနေရှိနေပြီမို့ အမြန်ဆုံး အကောင်အထည်ဖော်ဖို့ ကြိုးစား ကြမှာ ဖြစ်တယ်လို့ လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

ကျောင်းသား သမဂ္ဂ အဆောက်အဦး ဖြစ်မြောက်ရေး အတွက် NLD ပါတီက ဝိုင်းဝန်း ပံ့ပိုး ဆောင်ရွက် ပေးတာသာ ဖြစ်ပြီး ဦးစီး ဦးဆောင် ပြုတာမဟုတ်ကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

သမဂ္ဂ အဆောက်အဦး ဖြစ်မြောက်ရေးအတွက် ကောက်ခံ ရထားတဲ့ အလှူငွေတွေကို ဦးတင်ဦးက ထိန်းသိမ်း ထားကြောင်းနဲ့ ကော်မတီ တရားဝင် ဖွဲ့စည်း ပြီးရင် ကော်မတီ ရန်ပုံငွေအဖြစ် ထည့်ပေးမယ်လို့လည်း သူက ပြောပါတယ်။

ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂ အဆောက်အဦး တည်ဆောက်ရေး ကော်မတီ တရားဝင် ဖွဲ့စည်း နိုင်ရေး အတွက် ဖေဖော်ဝါရီ ၂၈ ရက်နေ့ မှာ ဆွေးနွေးကြဖို့ ရှိပါတယ်။

ဘယ်နေရာမှာ တည်ဆောက်မယ် ဆိုတာကိုတော့ ကော်မတီဖွဲ့ပြီးမှ ဆုံးဖြတ်ကြမှာ ဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။